PSM(NEWS)
ဇန်နာဝါရီ ၂၈၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၏ စီမံခန့်ခွဲမှုအောက်တွင် ရောင်းချနေသည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina ကုမ္ပဏီက လက်ရှိတွင် ရှောင်လွှဲနေကြောင်း လုပ်ငန်းတွင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါလုပ်ရပ်သည် ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို စိုးရိမ်နေဆဲဖြစ်ကြောင်း ပြသနေသည်။

ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA သည် အမေရိကန်၏ ခွင့်ပြုချက်ဖြင့် ရေနံများကို တင်ဒါခေါ်ယူရောင်းချလျက်ရှိသော်လည်း တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် PetroChina သည် ၎င်းတို့၏ ငွေပေးချေမှုစနစ်နှင့် သင်္ဘောတင်ဆောင်မှုလုပ်ငန်းစဉ်များတွင် ပိတ်ဆို့မှုဆိုင်ရာ အန္တရာယ်များရှိလာနိုင်သဖြင့် အဆိုပါ တင်ဒါများတွင် ပါဝင်ရန် ဝန်လေးနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဗင်နီဇွဲလားရေနံ၏ အဓိကဝယ်ယူသူ ဖြစ်ခဲ့သော်လည်း အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် နှစ်ရှည်လများ တရားဝင်လမ်းကြောင်းမှ ဝယ်ယူခြင်းကို ရပ်ဆိုင်းထားခဲ့သည်။

လက်ရှိတွင် အမေရိကန်က လိုင်စင်များ ထုတ်ပေးခြင်းဖြင့် ဗင်နီဇွဲလားရေနံကဏ္ဍကို အနည်းငယ်ဖြေလျှော့ပေးထားသော်လည်း PetroChina အနေဖြင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင်များနှင့် အမေရိကန်ဒေါ်လာ အခြေပြု ငွေပေးချေမှုစနစ်များအပေါ် ထိခိုက်လာနိုင်သည့် အရေးယူမှုများကို ရှောင်ရှားလိုသည့် သဘောထားရှိနေကြောင်း သိရသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ PetroChina သည် တရားဝင်တင်ဒါများတွင် ပါဝင်မည့်အစား ပုဂ္ဂလိက ကုန်သွယ်ရေးကုမ္ပဏီငယ်များမှတစ်ဆင့် လွဲပြောင်းဝယ်ယူသည့် လမ်းကြောင်းများကိုသာ ဆက်လက်စောင့်ကြည့်နေဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကားReuters

#အမေရိကန်
#ဗင်နီဇွဲလားရေနံ
#ထိန်းချုပ်မှုအောက်_ရောင်းချ
#PSM_News

See less

By Htet Ko