PSM(News)

ဇူလိုင် ၂၇၊ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကာ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲများကို ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဆက်တိုက် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဇူလိုင် ၂၃ ရက် အွန်လိုင်းတွေ့ဆုံပွဲတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လက်ရှိ ရခိုင်ပြည်နယ်၌ ကြုံတွေ့နေရသော ရေဘေးသင့် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များနှင့် ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေး၌ SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က “လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ် လိုအပ်ချက်များအတွက် မဟာမိတ်များအကြား ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနက် အာရက္ခတပ်တော် (AA) သည် အမေရိကန်အခြေစိုက် သုတေသနအဖွဲ့များ၏ ဆန်းစစ်ချက်များအရ စစ်အင်အား ၄၀,၀၀၀ ကျော်အထိ ရှိပြီး ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ကို အပြည့်အ၀ထိန်းချုပ်ထားသည်။ ထို့ပြင် မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ချင်းပြည်နယ်အစပ်တို့တွင် စစ်မျက်နှာများ ဖွင့်လှစ်ထားသည့် တော်လှန်ရေးအဖွဲ့ဖြစ်သည်။

ထို့အတူ ပပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည်လည်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း မြို့နယ်များနှင့် ကရင်နီပြည်အစပ်တို့တွင် အာဏာလုစစ်အုပ်စုတပ်များကို ဗျူဟာမြောက် တိုက်ခိုက်နေသည့် SCEF ၏ တိုင်းရင်း သား မဟာမိတ်အဖွဲ့အစည်း ဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဦးဆောင်ရန် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့သည့် တော်လှန်ရေးမဟာမိတ် ဦးဆောင်ကောင်စီဖြစ်သည်။

အဆိုပါ ကောင်စီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တော်လှန်ရေး အင်အားစုအသီးသီး ပါဝင်ကြပြီး အာဏာလုစစ်တပ်ကို နိုင်ငံရေးမှ လုံးဝဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed