PSM(News) ဇူလိုင် ၂၇ ၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်း ဖျောက်ဖျက်ခဲ့သည့် အမှုမှ တရားခံ မောင်တင်ဝင်း အပါအဝင် တရားခံ သုံး ဦးကို ဖမ်းဆီးရမိထားပြီး ဥပဒေအရ အမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ယနေ့ ဇူလိုင် ၂၇ ရက် တွင် ထုတ်ပြန်ထားသည်။ ထိုသို့ မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ Arakha Women’s Voice (အာရက္ခအမျိုးသမီးများအသံ) အဖွဲ့ကလည်း ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကတည်းက အမျိုးသမီး ငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တရားခံများကို ထိရောက်သည့် ပြစ်ဒဏ်များချမှတ်၍ အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုထားသည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက စတင်ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပျောက်ဆုံးခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်-ကျော်ဇံရွာသွား လမ်းဘေးရှိ သရက်တောခြံဝင်းအတွင်း၌ လက်ထိတ် နောက်ပြန်ခတ်လျက် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အဆိုပါ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို ဒေသခံများက စတင်တွေ့ ရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ ဒီလပ်စခန်းသို့ သတင်းပို့တိုင်ကြားခဲ့သည်။ ဒီလပ်ဌာနသည် အဆိုပါဖြစ်စဉ်အား အမှုဖွင့်၍ စုံစမ်းစစ်ဆေးခဲ့ရာ ဇူလိုင် ၁၈ ရက်နေ့က အမျိုးသမီး ငယ်အား လူမှုရေးကိစ္စ အကြောင်းပြကာ ခေါ်ဆောင်သွားသူ မောင်တင်ဝင်း ၃၇ နှစ် အပါအဝင် မောင်အေးကျော် ၂၉ နှစ် နှင့် မောင်သန်းစိုး ၂၁ နှစ် တို့ သုံးဦးကို ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အသီးသီး ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ တရားခံ မောင်တင်ဝင်း၏ ထွက်ဆိုချက်အရ ၎င်းသည် အမျိုးသမီးငယ်အား လိမ်လည် ခေါ်ဆောင်လာပြီး လက်ထိတ်ခတ်၍ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် သတ်ဖြတ်ကာ မုဒိမ်းပြုကျင့် ပြီးနောက် ရေအိုင်အတွင်း အလောင်းဖျောက်ထားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ဒီလပ်ဌာန ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ဒီလပ်ဌာနအနေဖြင့် ဖမ်းဆီးရမိထားသည့် တရားခံ သုံး ဦးကို သက်သေခံပစ္စည်းများ တည်ဆောက်ကာ ဥပဒေအကြံပြုချက်နှင့်အညီ အမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့အပြင် လူသတ်မှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) အရ သေဒဏ် သို့မဟုတ် ထောင်ဒဏ်၊ မုဒိမ်းမှုအတွက် ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်များ ဖြစ်သဖြင့် ပြည်သူများအနေဖြင့်လည်း လူသတ်မုဒိမ်းမှုများ လျော့နည်းကျဆင်းစေရေး စောင့်ကြည့်ကူညီပေး ကြရန်နှင့် သံသယဖြစ်ဖွယ် လုပ်ရပ်များကို အမြန်ဆုံး သတင်းပို့ကြပါရန် အသိပေး နှိုးဆော်ထားသည်။ ဓာတ်ပုံ-ဒီလပ် Post navigation SCEF နှင့် AA ပါဝင်သည့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ သီးခြားစီတွေ့ဆုံ၍ ရှေ့နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး အာဏာလု စစ်အုပ်စုအား ပံ့ပိုးနေသည့် နိုင်ငံတကာ ရေနံဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုကို Burma Campaign UK ၏ နာမည်ပျက် စီးပွားရေးလုပ်ငန်းများ စာရင်းတွင် ထပ်မံထည့်သွင်း