PSM(NEWS) ဇန်နဝါရီ ၂၇၊ ၂၀၂၆ ယူကရိန်းကို ရုရှားက အလုံးစုံကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် (၄) နှစ်နီးပါးအကြာတွင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများသည် ရုရှားထံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ၂၀၂၇ ခုနှစ်နှောင်းပိုင်းတွင် အပြီးတိုင်ပိတ်ပင်ရန် တနင်္လာနေ့၌ အတည်ပြုလိုက်ပြီဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ရုရှားစွမ်းအင်အပေါ် ဖြတ်တောက်မည့် ၎င်းတို့၏ကတိကဝတ်မှာ ဥပဒေကြောင်းအရ အတည်ဖြစ်လာခဲ့သည်။ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် အဆိုပါဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်သော်လည်း ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့က ကန့်ကွက်ခဲ့ကြပြီး ဘူလ်ဂေးရီးယားနိုင်ငံက မဲမပေးဘဲ နေခဲ့သည်။ ရုရှားစွမ်းအင်အပေါ် မှီခိုနေရဆဲဖြစ်သော ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့၏ ကန့်ကွက်မှုကို ကျော်လွှားနိုင်ရန်အတွက် ယခုပိတ်ပင်မှုကို အများစုက သဘောတူညီချက် ဖြင့် အတည်ပြုနိုင်ရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ သဘောတူညီချက်အရ EU သည် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရုရှား၏ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုကို ရပ်ဆိုင်းမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပိုက်လိုင်းဓာတ်ငွေ့ တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းမည်ဖြစ်သည်။ သို့သော် ဆောင်းရာသီမတိုင်မီ သိုလှောင်ရုံများအတွင်း အခြားနိုင်ငံများမှ ဓာတ်ငွေ့များ အစားထိုးရန် ခက်ခဲနေသည့် နိုင်ငံများအတွက် အဆိုပါနောက်ဆုံးရက်ကို ၂၀၂၇၊ နိုဝင်ဘာ ၁ ရက်အထိ နောက်ဆုတ်ပေးနိုင်ရန် ဥပဒေတွင် ခွင့်ပြုထားသည်။ ၂၀၂၂ ခုနှစ်မတိုင်မီက EU ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက် ၄၀ ရာခိုင်နှုန်းကျော်ကို ရုရှားက ထောက်ပံ့ပေးခဲ့သော်လည်း ၂၀၂၅ ခုနှစ် အချက်အလက်များအရ ယင်းပမာဏမှာ ၁၃ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း အချို့သော EU အဖွဲ့ဝင်နိုင်ငံများသည် ရုရှား၏ ရေနံနှင့် ဓာတ်ငွေ့များအတွက် ငွေပေးချေနေရဆဲဖြစ်ရာ ၎င်းမှာ ယူကရိန်းကို ကူညီရန်နှင့် ရုရှား၏ စစ်ပွဲစီးပွားရေးကို ကန့်သတ်ရန် ကြိုးပမ်းချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ စွမ်းအင်နှင့် သန့်ရှင်းသောလေထုဆိုင်ရာ သုတေသနဗဟိုဌာန(Center for Research on Energy and Clean Air) ၏ အချက်အလက်များအရ ပြီးခဲ့သည့်လအတွင်း EU ၏ အကြီးဆုံးသွင်းကုန်လုပ်ငန်းရှင် ၅ ဦးသည် ရုရှားစွမ်းအင်အတွက် ယူရို ၁.၄ ဘီလီယံ (ဒေါ်လာ ၁.၆၆ ဘီလီယံ) ဖိုး သုံးစွဲခဲ့ပြီး ဟန်ဂေရီမှာ အများဆုံးဝယ်ယူသူဖြစ်ကာ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့က နောက်မှ လိုက်နေသည်။ ယခုဥပဒေသစ်သည် ကုမ္ပဏီများအနေဖြင့် ရုရှားသဘာဝဓာတ်ငွေ့အတွက် စာချုပ်အသစ်များ ချုပ်ဆိုခြင်းကို တားမြစ်ထားပြီး ရှိနှင့်ပြီးသား စာချုပ်များကိုလည်း ပိတ်ပင်မှုနှင့်အညီ ဖျက်သိမ်းရန် လိုအပ်မည်ဖြစ်သည်။ စာချုပ်ဟောင်းများအနက် ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်မတိုင်မီ ချုပ်ဆိုထားသည့် ရေတိုစာချုပ်များအတွက် LNG ကို ၂၀၂၆ ဧပြီ ၂၅ တွင်လည်းကောင်း၊ ပိုက်လိုင်းဓာတ်ငွေ့ကို ဇွန်လ ၁၇ ရက်တွင်လည်းကောင်း အသီးသီး ပိတ်ပင်မည်ဖြစ်သည်။ ရေရှည်စာချုပ်များကိုမူ သတ်မှတ်ထားသည့် နောက်ဆုံးရက်များတွင် အပြီးဖြတ်တောက်ရမည်ဖြစ်သည်။ ဥပဒေကို လိုက်နာရန် ပျက်ကွက်သည့် ကုမ္ပဏီများသည် တစ်ကမ္ဘာလုံးဆိုင်ရာ တစ်နှစ်တာ စုစုပေါင်းဝင်ငွေ၏ ၃.၅ ရာခိုင်နှုန်းအထိ ဒဏ်ကြေးငွေ ပေးဆောင်ရနိုင်ပါသည်။ ထို့ပြင် ဥရောပကော်မရှင်သည် လာမည့်လများအတွင်း ရုရှားပိုက်လိုင်းရေနံနှင့် နူကလီးယားလောင်စာများအပေါ် မှီခိုနေရမှုကို အဆင့်လိုက်ဖြတ်တောက်မည့် ဥပဒေကြမ်းများကိုလည်း တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။ ကိုးကား-Reuters #EU_အဖွဲ့ဝင်နိုင်ငံ #ရုရှားသဘာဝဓာတ်ငွေ့ #တင်သွင်းမှု #ပိတ်ပင် #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် သူနာပြု အဲလက်စ် ပရက်တီ သေဆုံး၊ အမေရိကန်တစ်ဝန်း ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ပျံ့နှံ့ ရေနံဈေးနှုန်းများ မြင့်တက်လာသော်လည်း မတ်လတွင် ရေနံထုတ်လုပ်မှု ရပ်နားထားမှုကို OPEC+ ဆက်လက်ထိန်းသိမ်းထားဖွယ်ရှိ