PSM(News)

ဇူလိုင် ၂၆၊ ၂၀၂၆

အာဏာလုစစ်အုပ်စု၏ ညွှန်ကြားချက်ကြောင့် မ‌န္တလေးတိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင်ကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့ – NDAA) က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ မြေပြင်တပ်မှူးတစ်ဦးက PSM ကို အတည်ပြုပြောကြားသည်။

ကိုဝဏ္ဏအောင်၏ အမျိုးသမီးဖြစ်သူသည် ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ အာဏာလုစစ်တပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုဝဏ္ဏအောင် နေထိုင်သည့်နေရာကို အာဏာလုစစ်အုပ်စုက ခြေရာခံမိသွားခြင်းဖြစ်သည်။

ထို့နောက် မိုင်းလားမြို့၊ နဂါးဖြူဘုရားအနီးတွင် ကိုဝဏ္ဏအောင် ရှိနေကြောင်း အာဏာလုစစ်တပ်က သိရှိသွားပြီးနောက် ၎င်းအား ဖမ်းဆီးပေးရန် မိုင်းလားအဖွဲ့ (NDAA) ထံ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က မိုင်းလားအဖွဲ့ကို သူ့ကို (ကိုဝ‌ဏ္ဏ‎အောင်) ဖမ်းဆီးဖို့အတွက် ညွှန်ကြားလို့ မိုင်းလားအဖွဲ့က ဖမ်းဆီးပြီး စစ်တပ်ကို အပ်လိုက်တယ်ဆိုတာတော့ ကျွန်တော်တို့ သိထားပါတယ်။ သူ့ကို ဖမ်းမိတာကတော့ မိုင်းလားမှာ အဖမ်းခံရတာပါ” ဟု PDF မြေပြင်တပ်မှူးက PSM ကို ပြောသည်။

မန္တလေးတိုင်း ပကဖ တာဝန်ခံ ဖမ်းဆီးခံရသည့် ဖြစ်စဉ်ကို သုံးသပ်၍ နောက်နောင်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာလုစစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲကာ ဆွေးနွေးနေသည့် အဖွဲ့များ၏ နယ်မြေများသို့ သွားလာလှုပ်ရှားခြင်းကို သေချာစွာ စဉ်းစားသင့်ကြောင်း PDF တပ်မှူးက သတိပေးသည်။

“ကျွန်တော်တို့အနေနဲ့ကလည်း ဘယ်နေရာမှာ ဘယ်လိုပဲသွားသွား ကျွန်တော်တို့ယူထားတဲ့ တာဝန်နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ ရှိဖို့ဆိုတာကို ကျွန်တော့်အနေနဲ့ အသိပေး ပြောကြား ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း ပကဖ တာဝန်ခံကို ဖမ်းဆီးပေးခဲ့သည့် မိုင်းလားအဖွဲ့ (NDAA) သည် ယခင်ကတည်းက အာဏာလုစစ်တပ်နှင့် အပစ်ရပ်ကာ အကျိုးစီးပွားရှာနေသော အဖွဲ့ဖြစ်သည့်အတွက် ယခုဖြစ်ရပ်သည် လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြေပြင်တပ်မှူးက မှတ်ချက် ပေးသည်။

“အဲဒီတော့ ဒီအဖွဲ့နဲ့ ပတ်သက်ပြီးတော့ ပြောစရာအကြောင်း ဘာရှိလဲဆိုတော့ ကျွန်တော်တို့အတွက် ထည့်သွင်းစဉ်းစားစရာ လိုတဲ့အဖွဲ့ထဲမှာကို မပါဘူးလို့ပဲ ပြောချင်ပါတယ်။ တစ်ချက်ကတော့ သမိုင်း ကြွေးဆိုတာ ပြန်ဆပ်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း အခြေစိုက် မိုင်းလားအဖွဲ့ (NDAA) သည် အာဏာလုစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် လာမည့် ဩဂုတ်လအတွင်း၌ ‘ဝ’ အဖွဲ့ (UWSA)၊ ကိုးကန့်တပ် (MNDAA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့သည် နေပြည်တော်သို့ သွားရောက်ကာ အာဏာလုစစ်အုပ်စုနှင့် ထပ်မံတွေ့ဆုံမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ပုံစာ-အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် NDAA ခေါင်းဆောင်များကို တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင်တွေ့ရစဉ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *