PSM(News)

ဇူလိုင် ၂၅၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲခဲ့သည့် အာဏာလုစစ်အုပ်စုသည် ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့တွင်လည်း သံတွဲမြို့ပေါ်ရှိ လူနေရပ်ကွက်များသို့ ဂျက်ဖိုက်တာများဖြင့် တောက်လျှောက် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

အာဏာလု စစ်တပ်သည် ယမန်နေ့ ဇူလိုင်လ ၂၄ ရက် နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်မှ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်အထိ သံတွဲမြို့ပေါ်သို့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အောက် ကလေးငယ် နှစ် ဦး အပါအဝင် စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။

ဆက်လက်၍ အာဏာလုစစ်တပ်သည် ပြည်သူများ အိပ်စက်နားယူနေသည့် ဇူလိုင် ၂၄ ရက် နံနက် ၁၂ နာရီ ၂၀ မိနစ် တွင်ပင် သံတွဲမြို့ အမှတ် (၇) ရပ်ကွက်ရှိ “ရွှေရည်စားသောက်ဆိုင်” အနီးသို့ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့သဖြင့် အရပ်သား ခုနစ် ဦး ဒဏ်ရာရရှိပြီး နေအိမ် သုံး လုံး ပျက်စီးခဲ့သည်။ ထို့အပြင် နံနက် ၁၂ နာရီ ၂၆ မိနစ်အချိန်တွင်လည်း သံတွဲမြို့နယ်၊ ရေကောက်ကျေးရွာ စာသင်ကျောင်း အနီးသို့ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့သဖြင့် စာသင်ကျောင်းဆောင် အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်လက်၍ အာဏာလုစစ်တပ်သည် ယင်းနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေရည်စားသောက် ဆိုင် ရှေ့လမ်းမထက်သို့ ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးကြဲခဲ့ရာ လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် ကျောင်းသားတစ်ဦး ဗုံးစထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အနီးဝန်းကျင်မှ အပြစ်မဲ့ ပြည်သူတစ်ဦး ထပ်မံသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းနေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင်လည်း သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ ရောင်ခြည်ဦးကျေးရွာရှိ သစ္စာရောင်ခြည်ဦး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီးသို့ အာဏာလုစစ်တပ်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးသီးများမှာ ဘုန်းကြီးကျောင်းဝင်းနှင့် ဘေးအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်နွေးသူဇာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ၁၀ နှစ်အောက် အရွယ် ကလေးငယ် နှစ် ဦး အပါအဝင် လေး ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် နှစ် လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အာဏာလု စစ်အုပ်စုသည် ယင်းမတိုင်မီ ဇူလိုင် ၂၃ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာကမ်းခြေတို့သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပုလဲရတနာ ဘုန်းကြီးကျောင်း၊ AZ Family Resort နှင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ခုနစ် ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ မအီ၊ သံတွဲ နှင့် ပုဏ္ဏားကျွန်း မြို့သုံးမြို့ကို အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ငါး ဦး သေဆုံးခဲ့ရပြီး ရဟန်းသံဃာ သုံး ပါး အပါအဝင် အရပ်သား ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဓာတ်ပုံ-AA Info Desk

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *