PSM(News) ဇူလိုင် ၂၆၊ ၂၀၂၆ မကွေး-ကံပြား-နေပြည်တော် လမ်းပေါ်ရှိ စစ်အုပ်စု၏ ရွှေဗန်းရဲစခန်းနှင့် စစ်တပ်စခန်းဂိတ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက် နံနက် ၃ နာရီဝန်းကျင်တွင် အင်အား ၃၀ ကျော်ရှိသော အဆိုပါ ရွှေဗန်းရဲစခန်းနှင့် စစ်တပ်ဂိတ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၉၀၃) နှင့် တပ်ရင်း (၈၀၃) တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး PDF ရဲဘော်များဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ အမြောက်တစ်လက် သိမ်းဆည်းရရှိခဲ့သော်လည်း သယ်ယူရန် အခက်အခဲများရှိသဖြင့် ဖျက်ဆီးခဲ့ရကာ ၄၀ မမ တစ်လက်၊ MA-1 သုံးလက်၊ MA-2 တစ်လက်၊ G-3 တစ်လက်နှင့် အခြားခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် စစ်မျက်နှာအသီးသီးတွင် ဆက်လက်တိုက်ပွဲဝင်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း တတ်စွမ်းသမျှ ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။ ဓာတ်ပုံ-PDF-စစ်ရုံးချုပ် Post navigation အာဏာလုစစ်အုပ်စု၏ ညွှန်ကြားချက်ဖြင့် မန္တလေးတိုင်း ပကဖ တာဝန်ခံကို မိုင်းလားအဖွဲ့ ဖမ်းဆီးပေးဟု အတည်ပြု ချောက်မြို့နယ်ရှိ ပုဂံခေတ်ပြိုင် ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ ပခန်းငယ်ကျေးရွာကို စစ်အုပ်စု တပ် မီးရှို့ဖျက်ဆီး