PSM(News) ဇူလိုင် ၂၆၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ပုဂံခေတ်ပြိုင် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ပခန်းငယ် (ခေါ်) ပုဂံငယ်ကျေးရွာကို စစ်အုပ်စုတပ်က ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၈ နာရီ ၁၉ မိနစ်ခန့်မှစတင်၍ ပခန်းငယ်ကျေးရွာ အတွင်း သို့ နေရာ လေး နေရာခွဲ ဝင်ရောက်ကာ မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်သည်။ ပခန်းငယ်ကျေးရွာသည် ပုဂံခေတ်နှင့် ခေတ်ပြိုင် ယဉ်ကျေးမှုများ ထွန်းကားခဲ့သည့် သမိုင်းဝင် ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းထားရသည့် ရှေးဟောင်း ဘုရားစေတီနှင့် အဆောက် အအုံပေါင်း ၈၁ ခု တည်ရှိသည်။ အဆိုပါ ဘုရားစေတီများ၏ အတွင်းပိုင်းတွင် ပုဂံခေတ် ယဉ်ကျေးမှု လက်ရာများကို တွေ့မြင်နိုင်ပြီး အပြင်ဘက်ပိုင်းတွင်လည်း အင်းဝ၊ ညောင်ရမ်းနှင့် ကုန်းဘောင်ခေတ် လက်ရာများကို တွေ့ရှိနိုင်ကြောင်း သိရသည်။ ပါးစပ်ရာဇဝင်များအရ ကျန်စစ်သားမင်းထံမှ ထွက်ပြေးလာခဲ့ရသည့် စောလူးမင်း၏ နောက်လိုက် များနှင့် ဆွေမျိုးများက ပုဂံကို လွမ်းဆွတ်သဖြင့် ပုဂံငယ်မှ ပုဂံကို တိုက်ရိုက်မြင်နိုင်သည့် နေရာတွင် “ပုဂံမျှော်” စေတီကို တည်ထားကိုး ကွယ်ခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ အာဏာလု စစ်အုပ်စုသည် ပထမမြန်မာနိုင်ငံတော် ပုဂံနှင့် ခေတ်ပြိုင် ယဉ်ကျေးမှုနှင့် ရှေးဟောင်း အမွေအနှစ်များစွာ ကိန်းဝပ်ရာ သမိုင်းဝင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်၍ အရေးကြီးသတင်း အဖြစ် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မကွေးတိုင်း ပကဖ က အသိပေးထားသည်။ ဓာတ်ပုံ-မကွေးတိုင်း ပကဖ Post navigation မကွေး-နေပြည်တော်လမ်းပေါ်ရှိ ရွှေဗန်းရဲစခန်းနှင့် စစ်တပ်ဂိတ်များ တိုက်ခိုက်ခံရပြီး အာဏာလုစစ်တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး