PSM (News)

စက်တင်ဘာ ၁၀၊ ၂၀၂၆

တောင်တရုတ်ပင်လယ်ပြင်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့များတွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း သို့မဟုတ် အပူပိုင်းမုန်တိုင်းငယ်နှင့် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လာမည့် လေဖိအားနည်းစနစ်တို့ ပြိုင်တူ အားကောင်းလာနိုင်သဖြင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နေသည့် အနောက်တောင်မုတ်သုံလေ အရှိန်အဟုန်မှာ အားလျော့နည်းသွားမည်ဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် မုတ်သုံတိမ်ကျန်များကြောင့် ဒီနေ့တွင် မိုးအတန်အသင့် ဆက်လက်ရွာသွန်းနိုင်သော်လည်း မနက်ဖြန်မှ စက်တင်ဘာ ၁၅ ရက်နေ့အတွင်း မိုးအား သိသိသာသာ လော့ကျသွားမည်ဖြစ်သည်။

အလားတူ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်လည်း မိုးရွာသွန်းမှု ပမာဏနှင့် အကြိမ်ရေများ သိသိသာသာ နည်းပါးသွားမည် ဖြစ်သည်။

သို့သော် ထိုင်းမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတောင်ပိုင်းမှ လေဖိအားမြင့်စနစ် တွန်းပို့မှုကြောင့် မုတ်သုံမြောင်းတန်းသည် တောင်ဘက်သို့ နိမ့်ဆင်းလာပြီး ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် ကရင်ပြည်နယ်တို့အပေါ် ဖြတ်သန်းနိုင်သဖြင့် စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးရွာသွန်းမှု ခေတ္တ ပိုမိုလာနိုင်ကာ ယင်းနောက်ပိုင်းမှသာ မိုးပြန်ပါးသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် စက်တင်ဘာ ၁၃ ရက်နေ့အတွင်း မိုးရွာသွန်းမှုများ သိသိသာသာ ပိုမိုများပြားလာနိုင်ပြီး နေရာကွက်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။

အဆိုပါ လေဖိအားနည်းစနစ်များနှင့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာမှုကြောင့် ထိုင်းနယ်စပ်တစ်လျှောက်ရှိ ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီဒေသများ၏ တောင်တန်းဒေသများနှင့် မြေနိမ့်ပိုင်းများတွင် ရုတ်တရက် ရေကြီးရေလျှံဖြစ်ခြင်း၊ တောင်ကျရေလျှံခြင်းနှင့် မြေပြိုမှုအန္တရာယ်များ မြင့်မားနေသဖြင့် ပြည်သူများ အထူးသတိပြုကြရန် လိုအပ်ပါသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ကရင်နီ၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် နေရာအနှံ့အပြား မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းအနောက်ခြမ်းနှင့် တောင်ပိုင်းတို့တွင် နေရာအနှံ့အပြား မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းနိုင်မည်ဖြစ်သည်။

ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးအနည်းငယ် ရွာသွန်းနိုင်ကာ နေရာကွက် မိုးသည်းထန်နိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်သည်ဟု မိုးလေဝသ ခန့်မှန်းချက်များအရ သိရသည်။

ထို့ပြင် မြစ်ရေကြီးခြင်း သတိပေးချက်အနေဖြင့် ဧရာဝတီမြစ်ရေသည် ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေအမှတ်အနီးသို့ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed