မောင်မောင်ကဲ/PSM(News)

ဇူလိုင် ၂၅၊ ၂၀၂၆

အာဏာလုစစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်း နယ်မြေကို စစ်ရေးအရ အင်အားဖြည့်တင်း တပ်စွဲကာ စီမံကိန်းအနီးရှိ အရပ်သားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် မြေယာများ အတင်းအဓမ္မ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း စစ်ရာဇဝတ် မှုများကို စုံစမ်းစစ်ဆေးအတည်ပြုပေးနေသည့် Myanmar Witness က ဇူလိုင် ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းသည် တရုတ်အစိုးရပိုင် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ (နိုရင်ကို – NORINCO) လက်အောက်ရှိ ဝမ်ပေါင်ကုမ္ပဏီ၊ အာဏာလုစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် အမှတ် (၁) သတ္ထုတွင်းလုပ်ငန်းတို့ အကျိုးတူ ပူးပေါင်း၍ ၂၀၁၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ် သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အလုပ်သမား ၇,၀၀၀ ကျော်ရှိသော ဝမ်ပေါင်ကြေးနီစီမံကိန်းမှ အလုပ်သမား များသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြ၍ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့ကိုလည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

သို့သော်လည်း အာဏာလုစစ်အုပ်စုသည် စီမံကိန်းမှ ထွက်ရှိသည့် ကြေးနီများကို တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့နေပြီး အဓိက ဒေါ်လာဝင်ငွေ ရရှိနေသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စီမံကိန်းနယ်မြေအတွင်း အာဏာလုစစ်တပ်၏ ခြေမြန်တပ်မ (၇၇) နှင့် (၃၃) မှ စစ်သား ၁၀၀ နီးပါး တပ်စွဲထားကြောင်း သိရသည်။ ဂြိုဟ်တုဓာတ်ပုံများ၏ စိစစ်တွေ့ရှိချက်အရ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းနှင့် ပတ်ဝန်ကျင်တို့တွင် ဘန်ကာများ၊ ကတုတ်ကျင်းများနှင့် ကင်းမျှော်စင် များပါဝင်သည့် အာဏာလုစစ်တပ်၏ စစ်ဘက်ဆိုင်ရာ ကင်းစခန်း ငါး ခုအထိ တိုးချဲ့ဆောက်လုပ် ထားသည်ကို အတည်ပြုနိုင်ခဲ့သည်။

အာဏာလုစစ်တပ်သည် ဝမ်ပေါင်ကုမ္ပဏီအား စစ်ရေးအရ လုံခြုံရေးပေးထားပြီး ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တရားမဝင် မြေယာသိမ်းယူမှုများ ပြုလုပ်နိုင်ရန် ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသည်။

စီမံကိန်းနယ်မြေအတွင်း တပ်စွဲထားသော အာဏာလုစစ်တပ်သည် ပတ်ဝန်းကျင်ရှိ အရပ်သား ကျေးရွာများကို စီးနင်းမီးရှို့မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း စီမံကိန်းအနီးရှိ ကျေးရွာ ၂၁ ရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Myanmar Witness က အတည်ပြုထားသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းကလည်း ညောင်ပင်ကြီးရွာအနီးသို့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စီမံကိန်းဝင်းအတွင်း တပ်စွဲထားသည့် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က စီမံကိန်းဝင်းနှင့် ကြေးနီသယ်ယူသည့် ယာဉ်တန်းများကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံမှသိရသည်။

ကုန်းလမ်းတွင် မိုင်းဆွဲတိုက်ခိုက်မှုများပြားသဖြင့် ဝမ်ပေါင်ကုမ္ပဏီသည် ၂၀၂၅ နှစ်လယ်ပိုင်းမှစတင်၍ ကြေးနီနှင့် ရိက္ခာများကို ချင်းတွင်းမြစ်အတိုင်း ရေ ကြောင်းလိုင်းအသုံးပြု၍ ပြောင်းလဲသယ်ယူ နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ဆယ်စုနှစ်တစ်ခုကြာ ရပ်နားထားသည့် မြေယာသိမ်းယူမှုများကိုလည်း အာဏာလုစစ်တပ်၏ အကာ အကွယ်ဖြင့် ပြန်လည်စတင်လာခဲ့ရာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ဝက်မှေး-ကံတောကျေးရွာ တစ်ဝိုက်ရှိ မြေ ၈၄၂ ဧကကျော်ကို သေနတ်ဖြင့် ခြိမ်းခြောက်၍ ခြံစည်းရိုးခတ်ကာ အတင်းအဓမ္မ သိမ်းယူခဲ့သဖြင့် အဆိုပါ ကျေးရွာများမှာ တဖြည်းဖြည်း လူသူကင်းမဲ့၍ ပျက်စီးလာသည်ကို ဂြိုဟ်တုဓာတ်ပုံများအရ တွေ့ရှိရသည်။

ထို့အပြင် အာဏာလုစစ်အုပ်စုက ပြဋ္ဌာန်းခဲ့သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင် မှု ဥပဒေအရ ဝမ်ပေါင် ကုမ္ပဏီသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန်အတွက် တရုတ်လက်နက်ကိုင် တပ်ဖွဲ့များကို ခေါ်ယူလာနိုင်ခြေရှိသောကြောင့် ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- Myanmar Witness၊ လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *