PSM(News)

ဇူလိုင် ၂၄ ၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာကမ်းခြေတို့မှ အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာနှစ်ခုကို အာဏာလုစစ်တပ်က ဂျက်ဖိုက်တာများဖြင့် ရှေ့ဆင့်နောက်ဆင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

အာဏာလုစစ်တပ်သည် ယမန်နေ့ ဇူလိုင် ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၅) ရပ်ကွက်ရှိ ပုလဲရတနာ ဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်သို့ ဂျက်ဖိုက်တာ တစ်စင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပုလဲရတနာ ဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ် ရှစ် လုံး ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါး၊ တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ခြောက် ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့အပြင် အာဏာလုစစ်တပ်သည် ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင်ပင် ငပလီမြို့၊ လင်းသာကမ်းခြေရှိ AZ Family Resort သို့ ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံး ထပ်မံကြဲချခဲ့သဖြင့် Resort အတွင်းရှိ ဘန်ဂလိုများနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ မအီ၊ သံတွဲ နှင့် ပုဏ္ဏားကျွန်း မြို့သုံးမြို့ကို အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ငါး ဦး သေဆုံးခဲ့ရပြီး ရဟန်းသံဃာ သုံး ပါး အပါအဝင် အရပ်သား ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဓာတ်ပုံ-AA Info Desk

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed