PSM(NEWS)
မတ် ၂၄ ၊၂၀၂၆

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအင်အားကို အမြဲတမ်းခိုင်မာအောင်တည်ဆောက်သွားမည်ဖြစ်ပြီးတောင်ကိုရီးယားကိုအဓိကရန်သူအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်းခေါင်းဆောင်ကင်ဂျုံအန်းကလွှတ်တော်တွင် ပြောကြားသည့် မူဝါဒဆိုင်ရာ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်ဟုမြောက်ကိုရီးယားအစိုးရပိုင်KCNAသတင်းဌာနကအင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏နျူကလီးယားပိုင်ဆိုင်ထားသည့်နိုင်ငံအဆင့်အတန်းမှာနောက်ပြန်လှည့်၍မရနိုင်တော့ကြောင်းနှင့် “မိမိကိုယ်ကိုယ် ကာကွယ်သည့် နျူကလီးယား ဟန့်တားမှုစွမ်းရည်”ကိုတိုးမြှင့်ခြင်းသည် အမျိုးသားလုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်ကြောင်းကင်ဂျုံအန်းက ပြောဆိုခဲ့သည်။
နျူကလီးယား ဖျက်သိမ်းရေးကို စီးပွားရေးအကျိုးအမြတ်သို့မဟုတ် လုံခြုံရေးအာမခံချက်များနှင့် လဲလှယ်ရန်စိတ်ကူးကိုလည်း၎င်းက ပယ်ချခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နေစဉ်အတွင်း နျူကလီးယားအင်အားကို ထိန်းသိမ်းထားခြင်းသည်မှန်ကန်သည့်မဟာဗျူဟာမြောက်ရွေးချယ်မှုဖြစ်ကြောင်းသက်သေပြခဲ့ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အချုပ်အခြာအာဏာပိုင်နိုင်ငံများရဲ့ဂုဏ်သိက္ခာနဲ့အခွင့်အရေးတွေကိုတစ်ဖက်သတ်အင်အားသုံးအကြမ်းဖက်မှုတွေနဲ့ရက်ရက်စက်စက်ချိုးဖောက်နေတဲ့လက်ရှိကမ္ဘာ့အခြေအနေကနိုင်ငံတစ်နိုင်ငံရပ်တည်ရှင်သန်နိုင်ရေးနဲ့ငြိမ်းချမ်းရေးအတွက်ဘာကအစစ်အမှန်အာမခံချက်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသင်ခန်းစာပေးနေပါတယ်”ဟုကင်ဂျုံအန်းကတနင်္လာနေ့တွင်ကျင်းပသည့်အမြင့်ဆုံးပြည်သူ့လွှတ်တော် (Supreme People’s Assembly) မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များသည် စစ်ပွဲကိုဟန့်တားနိုင်ခဲ့ပြီးနိုင်ငံတော်၏အရင်းအမြစ်များကိုစီးပွားရေးတိုးတက်မှု၊ တည်ဆောက်ရေးနှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ရေးတို့တွင်အာရုံစိုက်အသုံးပြုနိုင်စေခဲ့ကြောင်း၎င်းကဆက်လက်ပြောဆိုသည်။
တောင်ကိုရီးယားရှိလေ့လာဆန်းစစ်သူများကမူဤမှတ်ချက်များသည် အီရန်အပေါ် အမေရိကန်၏ စစ်ရေးအရအရေးယူဆောင်ရွက်မှုများအပေါ်သွယ်ဝိုက်၍ဝေဖန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်ဂျုံအန်းကတောင်ကိုရီးယားကို “အဓိကရန်သူနိုင်ငံ” အဖြစ် အသိအမှတ်ပြုထားကြောင်းပြောဆိုခဲ့ပြီး မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို ထိပါးရန် ကြိုးပမ်းမှုမှန်သမျှကို“တွေဝေတုံ့ဆိုင်းမှု သို့မဟုတ်ထိန်းချုပ်မှုမရှိဘဲ ရက်ရက်စက်စက်”တုံ့ပြန်သွားမည်ဟုဆိုးလ်အစိုးရကိုသတိပေးခဲ့သည်။
ဤမှတ်ချက်များသည်ကင်ဂျုံအန်းက ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးမူဝါဒကို စွန့်လွှတ်ပြီး တောင်ကိုရီးယားနှင့် ဆက်ဆံရေးကို ရန်လိုသော နိုင်ငံနှစ်နိုင်ငံအဖြစ်ပြန်လည်သတ်မှတ်ရန်ကြိုးပမ်းမှု၏နောက်ဆုံးလက္ခဏာရပ် ဖြစ်သည်။
တောင်ကိုရီးယားသမ္မတရုံးကကင်ဂျုံအန်း၏ပြောကြားချက်များသည်“ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် မလိုလားအပ်သော ကိစ္စ” ဖြစ်ကြောင်း အင်္ဂါနေ့တွင် တုံ့ပြန်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်သာကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေးနှင့် သာယာဝပြောရေးကိုအာမခံနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုယွန်ဟပ်(Yonhap)သတင်းဌာနက ဖော်ပြသည်။

လုံခြုံရေးမူဝါဒနှင့်အတူကင်ဂျုံအန်းသည်စီးပွားရေးဦးစားပေးလုပ်ငန်းများကိုလည်းချမှတ်ခဲ့သည်။ စက်မှုလုပ်ငန်းများ ခေတ်မီစေရန်၊ လျှပ်စစ်နှင့်ကျောက်မီးသွေးထုတ်လုပ်မှု မြှင့်တင်ရန်၊ စားနပ်ရိက္ခာ ထွက်ရှိမှုတိုးမြှင့်ရန်နှင့်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများကိုတိုးချဲ့ရန်ရည်ရွယ်သည့်ဖွံ့ဖြိုးတိုးတက်မှု ငါးနှစ်စီမံကိန်းအသစ်ကိုအပြည့်အဝအကောင်အထည်ဖော်ရန်တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။
အဆိုပါလွှတ်တော်အစည်းအဝေးတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို အတည်ပြုခဲ့ပြီး ငါးနှစ်တာစီးပွားရေးစီမံကိန်းအသစ်ကိုထောက်ခံသည့်ဥပဒေများကိုလည်း ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် ၂၀၂၆ခုနှစ်အတွက်နိုင်ငံတော်အသုံးစရိတ်တွင်ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်းအသုံးစရိတ်၏ ၁၅.၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အတည်ပြုခဲ့ပြီးယင်းအသုံးစရိတ်များကိုနျူကလီးယားဟန့်တားမှုစွမ်းရည် တိုးချဲ့ရေးအတွက်သီးသန့်လျာထားကြောင်း သိရသည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ကင်ဂျုံအန်း၏ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုသည့် သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး မော်စကိုနှင့် ပြုံယမ်းတို့ကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုကို ပိုမိုနက်ရှိုင်းစေမည်ဟု ကတိပြုခဲ့သည်။

ကိုးကား Reuters

By Htet Ko