PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ အိုမန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားကြားရှိ တင်းမာမှုများမြင့်တက်နေသော ရေပြင်ထက်တွင် အီရတ်သင်္ဘောကပ္ပတိန် ရာမန် အယ်လ်-ဂျူဘူရီ သည် ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေကြောင်းစင်္ကြံတစ်ခု၌ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေပြီး သင်္ဘောသားအချို့မှာလည်း ပိတ်မိနေကာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။ ၁၉၈၄ ခုနှစ်ကတည်းက ပင်လယ်ပြင်၌ အလုပ်လုပ်ကိုင်ခဲ့သည့် ဝါရင့်သင်္ဘောသား အယ်လ်-ဂျူဘူရီအတွက်မူ ယခုကဲ့သို့ ရန်လိုမှုများသည် အသစ်အဆန်းမဟုတ်ပေ။ သူသည် အီရန်-အီရတ်စစ်ပွဲနှင့် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲအပါအဝင် ဆယ်စုနှစ်များစွာကြာ မတည်ငြိမ်မှုများကို ဖြတ်သန်းခဲ့သူဖြစ်သည်။ ယခုအခါတွင်လည်း ဘတ်ဘ်အယ်လ်မန်ဒက် နှင့် ပါရှန်းပင်လယ်ကွေ့ကဲ့သို့သော အချက်အချာကျသည့် ရေကြောင်းလမ်းများတွင် စစ်ရေးအရ တိုက်ခိုက်မှုများ ရှိနေသည့်ကြားမှ အန္တရာယ်ကြီးမားသော ရေပြင်တွင် တာဝန်ထမ်းဆောင်နေရပြန်သည်။ “အလုပ်က တကယ့်ကို စွန့်စားခန်းဖြစ်လာပြီ။ ဘယ်အချိန်မှာ ဗုံးကြဲခံရမလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ မီးလုံးကြီးတစ်လုံးပေါ်မှာ သင်္ဘောမောင်းနေရသလိုပဲ” ဟု ၎င်းက ဆိုသည်။ အယ်လ်-ဂျူဘူရီသည် ပလောင်း နိုင်ငံအလံ လွှင့်ထူထားသည့် Sea Moon အမည်ရှိ ရေနံတင်သင်္ဘောပေါ်တွင် တာဝန်ကျနေသည်မှာ ၄ လခန့် ရှိပြီဖြစ်သည်။ လောလောဆယ်တွင် သူနှင့် သူ၏သင်္ဘောသားများသည် အေဒင်ပင်လယ်ကွေ့မှတစ်ဆင့် အိုမန်ပင်လယ်ကွေ့သို့ ခုတ်မောင်းနေပြီး ယီမင်နိုင်ငံရှိ ရက်စ်အီဆာဆိပ်ကမ်းတွင် ရေနံချရန် သွားရောက်နေခြင်းဖြစ်ကြောင်း Associated Pressသတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။ ၎င်း၏ခရီးစဉ်သည် ဟော်မုဇ်ရေလက်ကြားအတွင်းသို့ တိုက်ရိုက်ဖြတ်သန်းခြင်း မရှိသော်လည်း ရေလက်ကြားအဝင်နှင့် နီးကပ်လွန်းသဖြင့် အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားနေသဖြင့် လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကြောင့် ခရီးစဉ်များ ကြန့်ကြာမှုများ ရှိနေသည်။ အဆိုပါစစ်ပွဲကြောင့် ဝါရှင်တန်နှင့် တီဟီရန်တို့ကြား ဟော်မုဇ်ရေလက်ကြားအရေး တင်းမာနေစဉ် ကုန်သွယ်ရေးသင်္ဘောများမှာ ကြားညပ်နေရသည်။ အီရန်တပ်ဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ်အဖွဲ့များက ရေနံတင်သင်္ဘောအချို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ကမ္ဘာ့ရေနံစီးဆင်းမှုအတွက် အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုများနှင့် ရံဖန်ရံခါ အနှောင့်အယှက်ပေးမှုများကြောင့် ပင်လယ်ကွေ့အတွင်း၌ သင်္ဘောများ ခရီးစဉ်နှောင့်နှေးခြင်း၊ လမ်းကြောင်းလွှဲခြင်း သို့မဟုတ် ပိတ်မိနေခြင်းများ ဖြစ်ပေါ်နေသည်။ ကိုးကား AP Post navigation ဟော်မုဇ်ရေလက်ကြားမှထွက်ခွာလာသည့် ရေနံတင်သင်္ဘော တောင်ကိုရီးယားရှိ HD Hyundai Oilbank သို့ ဦးတည်ခုတ်မောင်းနေ အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းမတိုးလိုကြောင်း ဒေါ်နယ်ထရန့် ပြောကြား