PSM (News)

ဩဂုတ် ၂၁၊ ၂၀၂၆

ယူကရိန်းစစ်ပွဲတွင် ဗြိတိန်နိုင်ငံ၏ အခန်းကဏ္ဍနှင့် လက်နက်ထောက်ပံ့မှုများကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင် အစိုးရက ဗြိတိန်နိုင်ငံအပေါ် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ခြိမ်းခြောက်မှုများကို ထပ်မံပြုလုပ်လာခဲ့ကြောင်း နိုင်ငံရေးသုံးသပ်သူ အိုဝင် မက်သျူးစ်က The Independent သတင်းဌာနတွင် ရေးသားဖော်ပြလိုက်သည်။

ယူကရိန်းတပ်ဖွဲ့များက ရုရှားနယ်နိမိတ်အတွင်းပိုင်းအထိ တိုက်ခိုက်မှုများတွင် ဗြိတိန်နိုင်ငံထုတ် ဒရုန်းများကို အသုံးပြုခဲ့ခြင်းအပေါ် လန်ဒန်မြို့ရှိ ရုရှားသံရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဗြိတိန်၏ လုပ်ရပ်များအတွက် မလွဲမသွေ တုံ့ပြန်ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ယခင်ကလည်း ခရင်မ်လင်နန်းတော်၏ ကြိမ်းဝါးခြိမ်းခြောက်မှုများ ရှိခဲ့ဖူးသော်လည်း ဗြိတိန်နိုင်ငံ၏ MI5 လုံခြုံရေးအေဂျင်စီ၏ သတိပေးချက်များအရ ရုရှားထောက်လှမ်းရေးများသည် ဗြိတိန်နိုင်ငံအတွင်း ဆိုက်ဘာစောင့်ကြည့်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် ကြိုးပမ်းမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း လန်ဒန်မြို့ရှိ ကုန်လှောင်ရောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရမှုနှင့် အခြားသော လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုများကို MI5 က တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း ရုရှားဘက်မှ ရေအောက်ကေဘယ်ကြိုးများနှင့် ပိုက်လိုင်းများကို ဖျက်ဆီးနိုင်သည့် ရေအောက်ထောက်လှမ်းရေးသင်္ဘောများနှင့် ပေါက်ကွဲစေတတ်သော ဒရုန်းများကဲ့သို့သော ပိုမိုအန္တရာယ်ကြီးမားသည့် လက်တွေ့တိုက်ခိုက်မှုများကို အသုံးပြုလာနိုင်ခြေရှိနေဆဲ ဖြစ်သည်။

အခြားသော မဟာမိတ်နိုင်ငံများနှင့်မတူဘဲ ဗြိတိန်နိုင်ငံသည် ယူကရိန်းကို စစ်ရေးနှင့် ငွေကြေးထောက်ပံ့မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ရုရှားတို့၏ အဓိက ပစ်မှတ်ဖြစ်လာနေသည်။ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ် ကမူ ယူကရိန်းကို ရပ်တည်ကူညီပေးသွားမည့် ဗြိတိန်၏ ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။

ထို့ကြောင့် ရုရှားသမ္မတ ပူတင်အနေဖြင့် လာမည့်လများတွင် ပိုမိုမရေရာပြီး အန္တရာယ်ရှိသော စစ်ရေးတင်းမာမှုများကို ဖန်တီးလာနိုင်ချေရှိသဖြင့် ဗြိတိန်နိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံများအတွက် လုံလောက်စွာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အဆိုပါ သတင်းဆောင်းပါးတွင် သတိပေးထားသည်။

ကိုးကား-The Independen

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *