PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းလာသည့် ရေနံတင်သင်္ဘောတစ်စီးသည် တောင်ကိုရီးယား ရေနံချက်လုပ်ငန်းတစ်ခုဖြစ်သည့် HD Hyundai Oilbank တွင် ကုန်ချရန် ဦးတည်ခုတ်မောင်းနေကြောင်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။ မော်လ်တာနိုင်ငံအလံလွှင့်ထူထားသောOdessaအမည်ရှိ သင်္ဘောသည် ဧပြီလ ၁၃ ရက်နေ့တွင် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း Kpler အချက်အလက်များတွင် ဖော်ပြထားသော်လည်း အဆိုပါသင်္ဘောသည် မည်သည့်နေရာမှ ရေနံများ တင်ဆောင်လာသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ရေနံစိမ်းစည်ပေါင်း ၁ သန်းအထိ တင်ဆောင်နိုင်သည့် အဆိုပါ Suezmax အမျိုးအစား သင်္ဘောသည် ၎င်း၏ အလိုအလျောက်သတင်းပေးစနစ် (AIS tracker) ကို ပိတ်ထားခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ ဖူဂျိုင်ရာ ဆိပ်ကမ်းအနီးတွင် ပြန်လည်ခြေရာခံမိခဲ့ကြောင်း LSEG အချက်အလက်များအရ သိရသည်။ HD Hyundai Oilbank မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါသင်္ဘောသည် ၎င်းတို့၏ ရေနံချက်စက်ရုံသို့ ဦးတည်လာနေခြင်းဖြစ်ကြောင်း အတည်ပြုသော်လည်း သင်္ဘောပေါ်တွင် မည်သည့်အရာများ တင်ဆောင်လာသည်ကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ သင်္ဘောသည် ရေလက်ကြားကို ဖြတ်သန်းလာခြင်း ရှိ၊ မရှိ မေးမြန်းရာတွင်လည်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များကိုသာ ကိုးကားရန် ပြောကြားခဲ့သည်။ သင်္ဘောအား စီမံခန့်ခွဲသည့် ဂရိနိုင်ငံအခြေစိုက် Dynacom ကုမ္ပဏီထံသို့ မှတ်ချက်တောင်းခံရန် ဆက်သွယ်ခဲ့သော်လည်း ရုံးပိတ်ချိန်ဖြစ်နေသဖြင့် ဆက်သွယ်၍ မရသေးပေ။ ကိုးကား Reuters Post navigation လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်လက်ဝါးကပ်တိုင်အား အစ္စရေးစစ်သားတစ်ဦး ဖျက်ဆီးမှုကို နေတန်ယာဟုနှင့် အစ္စရေးအစိုးရ ရှုတ်ချ ဒေသတွင်းစစ်ပွဲများကြား တိုက်ခိုက်မှုခြိမ်းခြောက်မှုများရှိနေသော်လည်း အီရတ်သင်္ဘောကပ္ပတိန်တစ်ဦး ဆက်လက်ခုတ်မောင်းနေ