PSM(NEWS) ဧပြီ ၂၁၊ ၂၀၂၆ လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာတစ်ရွာတွင် အစ္စရေးစစ်သားတစ်ဦးက ခရစ်ယာန်လက်ဝါးကပ်တိုင်အား ပုဆိန်ဖြင့် ထုရိုက်ဖျက်ဆီးခဲ့မှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်တပ်တို့က တနင်္လာနေ့တွင် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံတစ်ပုံ၌ အစ္စရေးစစ်သားတစ်ဦးသည် မြေပြင်ပေါ်သို့ လဲကျနေသည့် ယေရှုခရစ်တော်၏ ရုပ်တုပါဝင်သော လက်ဝါးကပ်တိုင်ကို ပုဆိန်ဖြင့် ထုရိုက်နေသည်ကို တွေ့ရသည်။ အဆိုပါပုံကို ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးစစ်သားများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုများကို အစဉ်တစိုက် ဖော်ပြလေ့ရှိသည့် ပါလက်စတိုင်း သတင်းထောက် ယူနစ် တီရာဝီက စတင်တင်ပြခဲ့ခြင်းဖြစ်သည်။ Reuters သတင်းဌာန၏ အတည်ပြုချက်အရ ယင်းဖြစ်ရပ်သည် လက်ဘနွန်တောင်ပိုင်းရှိ ဒေးဘဲလ် ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါကျေးရွာသည် ဟစ်ဇ်ဘိုလာလက်နက်ကိုင်များနှင့် အစ္စရေးတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ဒေသခံများ ဆက်လက်နေထိုင်ဆဲဖြစ်သော ရွာအနည်းငယ်ထဲမှ တစ်ရွာဖြစ်သည်။ “အစ္စရေးစစ်သားတစ်ယောက်က ကျွန်တော်တို့ရဲ့ သန့်ရှင်းတဲ့ ဘာသာရေးအထိမ်းအမှတ်ကို အခုလို ဆိုးဆိုးရွားရွား ဖျက်ဆီးခဲ့တာပါ” ဟု ဒေးဘဲလ်ရွာမှ ဘုန်းတော်ကြီး ဖာဒီ ဖာဖဲလ် က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် နေတန်ယာဟုက ဤလုပ်ရပ်သည် ဂျူးလူမျိုးတို့၏ သည်းခံခြင်းတရားနှင့် ဆန့်ကျင်နေပြီး အဆိုပါစစ်သားကို ပြစ်ဒဏ်ပေးသွားမည်ဟု ဆိုသည်။ “လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးစစ်သားတစ်ယောက်က ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ကို ဖျက်ဆီးခဲ့တာ သိရလို့ ကျွန်တော် တုန်လှုပ်ဝမ်းနည်းမိပါတယ်။ ဒီလုပ်ရပ်ကို အပြင်းထန်ဆုံးစကားလုံးနဲ့ ရှုတ်ချပါတယ်” ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆားကလည်း ဤလုပ်ရပ်သည် အရှက်ရဖွယ်ဖြစ်ကြောင်းနှင့် စိတ်နှလုံးထိခိုက်ခဲ့ရသည့် ခရစ်ယာန်ဘာသာဝင်များအားလုံးကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ် (IDF) ကလည်း ယင်းဖြစ်ရပ်ကို အလေးအနက်ထား စုံစမ်းစစ်ဆေးနေပြီး စစ်သား၏ လုပ်ရပ်သည် တပ်၏ တန်ဖိုးထားချက်များနှင့် လုံးဝကိုက်ညီမှုမရှိကြောင်း၊ အဆိုပါ ရုပ်တုအား ပြန်လည်ပြုပြင်ရန်အတွက် ဒေသခံလူထုကို ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်တို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထားသော်လည်း ဒေးဘဲလ်ရွာအပါအဝင် ရွာအများအပြားသည် အစ္စရေးစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။ ဘုန်းတော်ကြီး ဖာဖဲလ်ကမူ အပစ်ရပ်စဲမှုကြောင့် သက်သာရာရမည်ဟု မျှော်လင့်ခဲ့သော်လည်း လက်ရှိတွင် ဝိုင်းရံပိတ်ဆို့ခံထားရဆဲဖြစ်ပြီး သွားလာရေး ခက်ခဲနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation ယူကရိန်းအတွက် ‘ပြယုဂ်သဘောဆောင်သော’ အီးယူအဖွဲ့ဝင်ဖြစ်မှု အကျိုးခံစားခွင့်များပေးရန် ပြင်သစ်နှင့် ဂျာမနီ စီစဉ်နေ ဟော်မုဇ်ရေလက်ကြားမှထွက်ခွာလာသည့် ရေနံတင်သင်္ဘော တောင်ကိုရီးယားရှိ HD Hyundai Oilbank သို့ ဦးတည်ခုတ်မောင်းနေ