PSM(NEWS) ဧပြီ ၂၀၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန် အာဏာပိုင်များအနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် မရယူနိုင်ပါက “တစ်နိုင်ငံလုံး ဗုံးကြဲဖျက်ဆီးခံရလိမ့်မည်” ဟု နောက်ဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်လိုက်သည်။ ယခုသီတင်းပတ်ကုန်တွင် အီရန်တပ်ဖွဲ့များက ဟော်မုဇ် ရေလက်ကြား မှ သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်၊ သမ္မတ ထရမ့်က အီရန်၏ အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားမည်ဟု တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် လာမည့်အပတ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ၊ ယင်းမတိုင်မီ နောက်ဆုံးအချိန်တွင် အီရန်အစိုးရအား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် ထရမ့်က ကြိုးပမ်းနေခြင်း ဖြစ်သည်။ သမ္မတ ထရမ့်က ၎င်း၏အဖွဲ့ကို ပါကစ္စတန် သို့ စေလွှတ်၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဟု Fox News သို့ ပြောကြားခဲ့သော်လည်း၊ အီရန်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်း ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူးကမူ နှစ်ဖက်စလုံးသည် အဓိကကိစ္စရပ်များတွင် သဘောထားကွဲလွဲနေဆဲဖြစ်ကြောင်းနှင့် အမေရိကန်၏ ဆိပ်ကမ်းပိတ်ဆို့မှုအပေါ် ဝေဖန်ပြောဆိုထားသည်။ အိမ်ဖြူတော်အရာရှိများ၏ အဆိုအရ အဓိက အကျပ်အတည်းမှာ အီရန်၏ နျူကလီးယား ရည်မှန်းချက်များ ဖြစ်သည်။ ထရမ့်အစိုးရက အီရန်၏ နျူကလီးယား အဆောက်အအုံများအားလုံးကို အပြီးတိုင် ဖျက်ဆီးရန်၊ နျူကလီးယား လက်နက်ကုန်ကြမ်းများ အပ်နှံရန်နှင့် နောင်တွင် ယူရေနီယံသန့်စင်ခြင်း မပြုလုပ်ရန် အာမခံချက်ပေးရန် ဖိအားပေးနေသည်။ တစ်ဖက်တွင်လည်း အမေရိကန်သည် အီရန်၏ ရေနံတင်ပို့မှုကို ရပ်တန့်စေရန်အတွက် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားသည်။ ယင်းလုပ်ရပ်ကြောင့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း ဟော်မုဇ် ရေလက်ကြားတွင် ကုန်သွယ်ရေးသင်္ဘောများကို ပစ်ခတ်မှုများ ပြုလုပ်ကာ တုံ့ပြန်လျက်ရှိသည်။ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် လာမည့်အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ၊ အကယ်၍ သဘောတူညီချက် မရရှိပါက ဒေသတွင်း၌ စစ်မီးကြီး ထပ်မံတောက်လောင်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ကိုးကား The Independent Post navigation လန်ဒန်ရှိ ဂျူးဘာသာရေးဆိုင်ရာနေရာများအား မီးရှို့တိုက်ခိုက်မှုနောက်ကွယ်တွင် အီရန်လက်ဝေခံများ ပါဝင်ခြင်းရှိမရှိ ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ ဂျပန်ပင်လယ်ပြင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ဆူနာမီသတိပေးချက်ထုတ်ပြန်