PSM(NEWS)

ဧပြီ ၂၀၊ ၂၀၂၆

လန်ဒန်မြို့ရှိ ဂျူးဘာသာရေးဆိုင်ရာ နေရာအချို့တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော မီးရှို့တိုက်ခိုက်မှုများသည် အီရန်လက်ဝေခံအဖွဲ့အစည်းများ၏ လက်ချက်ဖြစ်နိုင်ခြေ ရှိမရှိကို စုံစမ်းစစ်ဆေးနေကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

လန်ဒန်မြို့တော်ရဲတပ်ဖွဲ၏ အဆိုအရ အကြမ်းဖက်မှုတိုက်ဖျက်ရေး အရာရှိများသည် ဂျူးလူထုနှင့် ဆက်နွှယ်သော ဘာသာရေးကျောင်း များ၊ အခြားနေရာများနှင့် ပါရှန်းဘာသာစကားဖြင့် ထုတ်လွှင့်နေသည့် မီဒီယာကုမ္ပဏီတစ်ခုတို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်မှုများအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း စနေနေ့ညက လန်ဒန်မြောက်ပိုင်းရှိ ဂျူးဘာသာရေးကျောင်းတစ်ခုတွင် အနည်းငယ် ပျက်စီးမှုများ ရှိခဲ့သည်။

ရဲမင်းကြီး၏ လက်ထောက် ဗစ်ကီ အီဗန်စ်က အဆိုပါတိုက်ခိုက်မှုများကို “Harakat Ashab al-Yamin al-Islamia” ဟု ကိုယ့်ကိုယ်ကိုယ် အမည်ပေးထားသော အဖွဲ့တစ်ခုက အွန်လိုင်းမှတစ်ဆင့် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံထားသည်ဟု ပြောကြားခဲ့သည်။

“ဒီအဖွဲ့ဟာ အီရန်နဲ့ ဆက်နွှယ်မှုရှိနိုင်တယ်လို့ ဖော်ပြနေတဲ့ သတင်းတွေကို ကျွန်မတို့ သိရှိထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ တိုးတက်လာတာနဲ့အမျှ ဒီမေးခွန်းကို ဆက်လက်ဖော်ထုတ်သွားမှာပါ” ဟု သူမက ဆိုသည်။

ထို့အပြင် “အီရန်အစိုးရဟာ ရာဇဝတ်ဂိုဏ်းတွေကို သူတို့ရဲ့ လက်ဝေခံအဖြစ် အသုံးပြုလေ့ရှိကြောင်း ကျွန်မ အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ အခု လန်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာလည်း အဲဒီနည်းဗျူဟာကို အသုံးပြုထားတာလားဆိုတာကို သုံးသပ်နေပါတယ်” ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။

အစ္စရေးအစိုးရကမူ အဆိုပါအဖွဲ့ကို အသစ်တည်ထောင်ထားသော အဖွဲ့တစ်ခုအဖြစ် ဖော်ပြထားပြီး ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံတို့ရှိ ဂျူးဘာသာရေးကျောင်းများကို တိုက်ခိုက်မှုများတွင်လည်း ၎င်းတို့တွင် တာဝန်ရှိကြောင်း ဝန်ခံထားသည်ဟု ဆိုသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *