PSM(NEWS)

မတ် ၂၀၊ ၂၀၂၆

အီရန်စစ်ပွဲအတွက် အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်က အပိုဆောင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ထပ်မံတောင်းခံရန် စီစဉ်နေကြောင်း သိရသည်။ ဤပမာဏမှာ အလွန်များပြားသည့်အတွက် အဆိုပါရန်ပုံငွေကို အတည်ပြုပေးရမည့် လွှတ်တော်အတွင်း မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

အုပ်ချုပ်ရေးပိုင်းမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ စစ်ဌာနချုပ်သည် အဆိုပါတောင်းခံလွှာကို အိမ်ဖြူတော် သို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် က ယင်းပမာဏကို တိုက်ရိုက်အတည်ပြုခြင်း မရှိသော်လည်း ပြောင်းလဲမှုရှိနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

“ဆိုးသွမ်းတဲ့သူတွေကို ရှင်းလင်းဖို့ဆိုတာ ငွေကုန်ကြေးကျရှိပါတယ်”ဟု ပိဟက်ဂ်ဆက်က ဆိုသည်။ ၎င်းက ဆက်လက်၍ “ရန်ပုံငွေ အပြည့်အဝရရှိဖို့အတွက် လွှတ်တော်နဲ့ ကျွန်တော်တို့ လူတွေကို ပြန်လည်ညှိနှိုင်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ယခုတောင်းခံသည့် ရန်ပုံငွေပမာဏမှာ ပုံမှန်ထက် များပြားနေပြီး၊ ပြီးခဲ့သည့်နှစ်က သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်လျှော့ပေါ့မှုဥပဒေကြမ်းအရ ကာကွယ်ရေးဝန်ကြီးဌာနက ရရှိထားပြီးဖြစ်သည့် အပိုရန်ပုံငွေများအပြင် ယခုကဲ့သို့ ထပ်မံတောင်းခံခြင်း ဖြစ်သည်။

သို့သော် လွှတ်တော်က ဤတောင်းခံမှုကို အတည်ပြုပေးရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံရေးအရ ထောက်ခံမှု ရ၊ မရ ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။

လွှတ်တော်ကို သမ္မတ၏ ရီပတ်ဘလစ်ကန်ပါတီ က ထိန်းချုပ်ထားသော်လည်း ကွန်ဆာဗေးတစ်လွှတ်တော်အမတ် အများစုမှာ အသုံးစရိတ် ချွေတာလိုသူများ ဖြစ်ကြသည့်အတွက် စစ်ရေးအသုံးစရိတ် အမြောက်အမြား အသုံးပြုရန် ဆန္ဒမရှိကြပေ။ ဒီမိုကရက်တစ် ပါတီဝင်များကလည်း ဤတောင်းခံမှုကို ပယ်ချဖွယ်ရှိပြီး စစ်ရေးဗျူဟာနှင့် ရည်မှန်းချက်များကို အသေးစိတ် တင်ပြရန် တောင်းဆိုဖွယ် ရှိနေသည်။

ယခု ဘဏ္ဍာရေးနှစ်အတွက် လွှတ်တော်က အတည်ပြုထားသည့် ပင်တဂွန်၏ နှစ်ပတ်လည် ဘတ်ဂျက်မှာ ဒေါ်လာဘီလီယံ ၈၀၀ ကျော် ရှိနေပြီး၊ ယခုတောင်းခံမှုသည် အဆိုပါဘတ်ဂျက်ကို သိသိသာသာ မြှင့်တင်ပေးလိုက်သလို ဖြစ်စေမည်ဖြစ်သည်။

လွှတ်တော်အတွင်းရှိ စစ်ရေးထောက်ခံသူအချို့က ပေါ်ထွက်လာသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အမေရိကန်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရာတွင် ဤအသုံးစရိတ်ကို ကြိုဆိုကြသော်လည်း၊ အချို့ကမူ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော ပြည်တွင်းလိုအပ်ချက်များကိုသာ ပိုမိုဦးစားပေးသင့်ကြောင်း ထောက်ပြလျက်ရှိကြသည်။

ကိုးကား AP

#အီရန်စစ်ပွဲ

#ကာကွယ်ရေးဝန်ကြီး

#ပင်တဂွန်

#ဒေါ်လာ_ဘီလီယံ_၂၀၀

#အပိုဆောင်းရန်ပုံငွေ

#PSM_News

By Htet Ko