PSM(News)

ဧပြီ ၂ ၊ ၂၀၂၆

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများတွင် အဓိကအသုံးပြုနေသည့် လေယာဉ်ဆီ ထောက်ပံ့မှု များကို ဟန့်တားဖြတ်တောက်ရန်နှင့် ပိတ်ဆို့မှုဟာကွက်များကို အမြန်ဆုံးအရေးယူရန် ယနေ့ ဧပြီ ၂ ရက်တွင် Justice For Myanmar (JFM) က တိုက်တွန်းလိုက်သည်။

အထူးသဖြင့် ဩစတြေးလျအစိုးရအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးကွန်ရက်များအပေါ် ထိရောက်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တွန့်ဆုတ်နေခြင်းက စစ်အုပ်စု သက်ဆိုးရှည်စေရန် အထောက်အကူပြုနေသည်ဟု JFM က ဆိုသည်။

ဩစတြေးလျ ဆီးနိတ်လွှတ်တော် ကော်မတီတစ်ခုကလည်း စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများသည် အမေရိကန်နှင့် ယူကေကဲ့သို့ မဟာမိတ်နိုင်ငံများထက် နောက်ကျကျန်နေသဖြင့် ကျင့်ဝတ်အရရော မဟာဗျူဟာအရပါ ထိရောက်မှုမရှိ၍ ဝေဖန်ခံရနိုင်ကြောင်း သတိပေးထားသည်။

စစ်အုပ်စု ထိန်းချုပ်ထားသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အမေရိကန်၊ အီးယူနှင့် ကနေဒါတို့က ပိတ်ဆို့ထားသော်လည်း ဩစတြေးလျကမူ ယနေ့အထိ မည်သည့်လုပ်ငန်းကိုမျှ အရေးယူ ခြင်းမရှိသေးပေ။

ယင်းဟာကွက်ကို အခွင့်ကောင်းယူ၍ ကနေဒါနိုင်ငံသားအချို့သည် မြန်မာ့ပုလဲလုပ်ငန်း (MPE) အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရှောင်လွှဲရန်အတွက် ဘယ်လ်ပုလဲ မြန်မာ (Belpearl Myanmar) ကုမ္ပဏီရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဩစတြေးလျနိုင်ငံသား နက်ဂျတေး မော့ဗ်ဆက်စ် ဒီမီရီယန် (Nejteh Movses Demirian) ထံသို့ လွှဲပြောင်းပေးအပ်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်ခွရှောင် လွှဲခဲ့ကြကြောင်း JFM က ထောက်ပြထားသည်။

ထို့ပြင် ဩစတြေးလျနှင့် ဆက်နွှယ်သည့် ကုမ္ပဏီများသည် မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍတွင် ဆက်လက်လုပ်ကိုင်နေပြီး စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတ္တုတူးဖော်ရေး လုပ်ငန်းများမှတစ်ဆင့် စစ်အုပ်စုအတွက် အခွန်ဝင်ငွေများ ရရှိအောင် ကူညီပေးလျက်ရှိသည်။

စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများအတွက် လိုအပ်သော ဘဏ္ဍာငွေ၊ လက်နက်နှင့် လေယာဉ် ဆီများကို ဖြတ်တောက်နိုင်ရန် ဩစတြေးလျအစိုးရအနေဖြင့် ပိုမိုအားကောင်းသည့် ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် JFM က တိုက်တွန်းထားသည်။

By Htet Ko