မောင်မောင်ကဲ/PSM(News)

ဧပြီ ၂ ၊ ၂၀၂၆

စစ်ကော်မရှင်က ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော “လွှတ်တော်အတု” တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပွဲကို လာမည့် ဧပြီလ ၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၀ နာရီက ပြည်ထောင်စုလွှတ်တော်အတု အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူထားသူ ဦးအောင်လင်းဒွေးက အဆိုပါ ရွေးချယ်တင် မြှောက်ပွဲ ကျင်းပမည့်ရက်ကို အတည်ပြုကြေညာခဲ့ခြင်း ဖြစ်သည်။

ဦးအောင်လင်းဒွေးသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမိန့်များကို နာခံ၍ လက်မှတ် ရေးထိုး ထုတ်ပြန်ပေးနေရသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် ဦးဆောင်သည့် စစ်အုပ်စု (တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့) မှတစ်ဆင့် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းမပြုဘဲ “ပြည်သူ့လွှတ်တော် အစုအဖွဲ့” မှတစ်ဆင့် ဒုတိယသမ္မတလောင်းအမည်စာရင်း တင်သွင်းခဲ့သူ ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းမှာ စစ်ခေါင်းဆောင်ကို စစ်တပ်က တင်မြှောက်ခြင်းမဟုတ်ဘဲ ပြည်သူက ရွေးချယ်တင်မြှောက်သည့် သမ္မတအဖြစ် မြင်လာစေရန် ပုံဖော်ခြင်းပင်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

“မင်းအောင်လှိုင်ဟာ သူ့ကို ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ သမ္မတလို့ မြင်လာစေဖို့ စနစ်တကျ ပုံဖော်လာတာပါ။ သူ့ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်ကနေ ရွေးခိုင်းတယ်။ တပ်မတော်သား အစုအဖွဲ့ စစ်အုပ်စုက ဒုသမ္မတအဖြစ် မယူဘူး။ ဒါမှ သူ့ဘာသာ ယှဉ်ပြိုင်ပြီး ရလာတဲ့ ပြည်သူက ရွေးချယ်တဲ့ သမ္မတလို့ မြင်လာအောင် လုပ်ယူထားတာပါ” ဟု စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က PSM ကို ပြောသည်။

လက်ရှိ သမ္မတလောင်းအဖြစ် အရည်အချင်းစိစစ်ချက်အရ အတည်ပြုထားသည့် ဒုတိယသမ္မတ သုံး ဦးမှာ ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား လွှတ်တော် အစုအဖွဲ့မှ ဒေါ်နန်းနီနီအေးနှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးညိုစောတို့ ဖြစ်သည်။

သမ္မတလောင်းအဖြစ် တင်မြှောက်ခံရသူ ဦးညိုစောသည် စစ်ခေါင်းဆောင်၏ ယုံကြည်စိတ်ချရသည့် လက်ရုံးတစ်ဦးအဖြစ် လူသိများသူ ဖြစ်ပြီး ဒေါ်နန်းနီနီအေးသည်လည်း လက်ရှိ အာဏာသိမ်း စစ်အုပ်စုနှင့် နီးစပ်သူတစ်ဦးဖြစ်သည်။

“မနက်ဖြန် မဲခွဲမှုဟာ ပုံစံတကျ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတစ်ခုပဲဖြစ်မှာပါ။ ရလဒ်ကတော့ ခန့်မှန်းထားသလိုပဲ ဖြစ်လာဖို့ များပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက PSM ကို သုံးသပ် ပြောကြားသည်။

မနက်ဖြန် ကျင်းပမည့် အစည်းအဝေးတွင် လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် မဲအများဆုံးရရှိသူမှာ နိုင်ငံတော်သမ္မတ ဖြစ်လာမည်ဖြစ်ပြီး လွှတ်တော်အတုအတွင်းရှိ အင်အားစုများ၏ ဖွဲ့စည်းပုံအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာလျှင် သမ္မတဖြစ်လာရန် သေချာသလောက်ရှိနေသည်။

စစ်ခေါင်းဆောင် သမ္မတဖြစ်လာပါက ကျန်ရှိသူ နှစ် ဦးမှာ ဒုတိယသမ္မတများအဖြစ် တာဝန်ယူရမည် ဖြစ်ပြီး ဒုတိယသမ္မတ(၁)အဖြစ် ဦးညိုစောနှင့် ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေး တို့ဖြစ် လာမည်ဖြစ်သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *