PSM(NEWS) ဧပြီ ၁၉၊၂၀၂၆ သြစတြေးလျနိုင်ငံသို့ စစ်သင်္ဘောများ ထောက်ပံ့ပေးမည့် သြစတြေးလျဒေါ်လာ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဘီလီယံ) တန်ဖိုးရှိ အထင်ကရ သဘောတူညီချက်ကို စတင်ရန်အတွက် သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့သည် စနေနေ့တွင် စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤလုပ်ဆောင်ချက်သည် ၂၀၁၄ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ ပို့ကုန်ပိတ်ပင်မှုကို ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော စစ်ဘက်ဆိုင်ရာ ရောင်းချမှုလည်း ဖြစ်လာသည်။ သြစတြေးလျ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ် နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇုမိ တို့သည် စစ်သင်္ဘောများ အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ရေးအတွက် “နှစ်နိုင်ငံအစိုးရ၏ ဘုံကတိကဝတ်ကို ထပ်လောင်းအတည်ပြုသည့်” နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရစ်ချတ်မားလ်စ် က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သြဂုတ်လက စတင်သဘောတူခဲ့သော ဤသဘောတူညီချက်သည် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငြိမ်းချမ်းရေးဝါဒမှ ခွဲထွက်ကာ အမေရိကန်နှင့် မဟာမိတ်ပြုရုံသာမက အခြားသော ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများကိုပါ တိုးမြှင့်တည်ဆောက်ရန် ကြိုးပမ်းမှုကို အထောက်အကူပြုစေမည် ဖြစ်သည်။ မစ်ဆူဘီရှီ ဟဲဗီး အင်ဒတ်စထရီ ကုမ္ပဏီသည် ၂၀၂၉ ခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံတွင် တည်ဆောက်မည့် အဆင့်မြှင့်တင်ထားသော Mogami-class ဘက်စုံသုံး ဖရီးဂိတ်စစ်သင်္ဘော (၃) စီးကို သြစတြေးလျ တော်ဝင်ရေတပ် သို့ ပေးအပ်သွားမည်ဖြစ်သည်။ ကျန်ရှိသော ဖရီးဂိတ်သင်္ဘော (၈) စီးကိုမူ သြစတြေးလျနိုင်ငံတွင်ပင် ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း X လူမှုကွန်ရက်တွင် ဖော်ပြရာ၌ မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ရှင်ဂျီရိုကိုအိဇုမိ နှင့် ရစ်ချတ်မားလ်စ် တို့သည် ဘက်စုံသုံး ဖရီးဂိတ်စစ်သင်္ဘောများအတွက် စာချုပ်ချုပ်ဆိုနိုင်ခြင်းအပေါ် ကြိုဆိုခဲ့ကြပြီး နှစ်နိုင်ငံကာကွယ်ရေး ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အတည်ပြုခဲ့ကြကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် တည်ဆောက်မည့် ပထမဆုံး စစ်သင်္ဘောသုံးစီးအတွက် စာချုပ်များ ချုပ်ဆိုခဲ့ပြီးနောက် အနောက်သြစတြေးလျရှိ ပါ့သ်မြို့အနီး ဟန်ဒါဆန် သင်္ဘောကျင်းတွင် ပြည်တွင်း၌ ဆက်လက်တည်ဆောက်သည့် အဆင့်သို့ ကူးပြောင်းသွားမည်ဖြစ်ကြောင်း ရစ်ချတ်မားလ်စ် က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာနေသည့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများနှင့် ၎င်း၏ မြောက်ဘက်ခြမ်း ချဉ်းကပ်လမ်းများကို ကာကွယ်ရန်အတွက် ရေငုပ်သင်္ဘောဖျက်၊ ရေပြင်ထက် စစ်သင်္ဘောများကို တိုက်ခိုက်နိုင်ပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပါဝင်သည့် အဆိုပါ စစ်သင်္ဘောများကို တပ်ဖြန့်ချထားရန် သြစတြေးလျက စီစဉ်ထားသည်။ ကိုးကား Reuters Post navigation ဟော်မုဇ်ရေလက်ကြားကို အီရန် ပြန်လည်ထိန်းချုပ်၊ သင်္ဘောများ ပစ်ခတ်ခံရမှုများရှိနေဟုဆို ပုပ်ရဟန်းမင်းကြီး လီယို အာဖရိကခရီးစဉ်အတွင်း အင်ဂိုလာသို့ ရောက်ရှိ၊ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပြတ်သားစွာ ပြောဆိုလာ