PSM(NEWS) ဧပြီ ၁၈ ၊၂၀၂၆ အီရန်နိုင်ငံသည် ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးတွင် အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြား ကို စနေနေ့တွင် ပြန်လည်တင်းကျပ်စွာ ထိန်းချုပ်လိုက်ပြီး ရေကြောင်းသွားလာသူများအား ရေလမ်းကြောင်း ပြန်လည်ပိတ်ဆို့လိုက်ကြောင်း သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် အဆိုပါရေလမ်းကြောင်းကို ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘောအနည်းဆုံး နှစ်စီးမှာ ပစ်ခတ်ခံခဲ့ရကြောင်း ရေကြောင်းသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အမေရိကန်က အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားခြင်းသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ တီဟီရန်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မူဂျတာဘာ ခါမေနီ ကလည်း အီရန်ရေတပ်အနေဖြင့် ရန်သူများအပေါ် “ခါးသီးသော ရှုံးနိမ့မှုအသစ်များ” ကို ပေးအပ်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ရှေ့လာမည့် ဗုဒ္ဓဟူးနေ့တွင် ကုန်ဆုံးမည့် အပစ်အခတ်ရပ်စဲရေးကို ငြိမ်းချမ်းရေး သဘောတူညီချက်မရပါက ထပ်မံသက်တမ်းတိုးမည်မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားထားသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်စစ်ပွဲကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်ကာ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်နေသည်။ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် ကမူ ၎င်းတို့အနေဖြင့် အီရန်အပေါ် ရေကြောင်းပိတ်ဆို့မှုကို ဆက်လက်လုပ်ဆောင်နေကြောင်း အတည်ပြုသော်လည်း နောက်ဆုံးဖြစ်ပွားနေသည့် အီရန်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း မရှိသေးပေ။ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့တွင် ကျင်းပရန်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာလည်း လက်ရှိအချိန်အထိ ရှင်းလင်းသည့် လက္ခဏာများ မတွေ့ရသေးပေ။ အထူးသဖြင့် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ နှစ်ဖက်ကြား သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ ရေကြောင်းသွားလာမှု ပြန်လည်စတင်နိုင်ခြေရှိသည်ဟူသော မျှော်လင့်ချက်ကြောင့် သောကြာနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်း ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သော်လည်း ယခုအခါ အီရန်က ရေလမ်းကြောင်း ပြန်လည်ပိတ်ဆို့လိုက်ခြင်းကြောင့် မရေရာမှုများ ပြန်လည်ကြီးစိုးလာခဲ့သည်။ လက်ရှိတွင် ပင်လယ်ကွေ့အတွင်း၌ ဖြတ်သန်းခွင့် စောင့်ဆိုင်းနေရသည့် သင်္ဘောရာပေါင်းများစွာနှင့် သင်္ဘောသား ၂၀,၀၀၀ ခန့်မှာ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ ကိုးကား Reuters Post navigation အီရန်အရေးတွင် သမ္မတ ထရန့်၏ စစ်ဘက်ဆိုင်ရာလုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းမှု အမေရိကန်အောက်လွှတ်တော်၌ ထပ်မံကျရှုံး သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ ဒေါ်လာ ၇ ဘီလီယံတန်စစ်သင်္ဘောသဘောတူညီချက်ကို စတင်ရန် စာချုပ်ချုပ်ဆို