PSM(NEWS)

ဧပြီ ၁၉ ၊ ၂၀၂၆

ပုပ်ရဟန်းမင်းကြီး လီယို သည် ၎င်း၏ လေးနိုင်ငံ အာဖရိကခရီးစဉ်အတွင်းတတိယမြောက်ခရီးအဖြစ် စနေနေ့တွင် အင်ဂိုလာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ရေနံကြွယ်ဝသော်လည်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသော အင်ဂိုလာနိုင်ငံ၏ သဘာဝသယံဇာတ အလွဲသုံးစားပြုခံရမှုများကို ၎င်းက ထည့်သွင်းပြောကြားသွားရန် ရှိနေပြီး ယခုခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် ယခင်ကထက် ပိုမိုပြတ်သားအားကောင်းသော ပြောဆိုမှုပုံစံကို ကျင့်သုံးနေသည်ကို တွေ့ရသည်။

ပုပ်ရဟန်းမင်းကြီး လီယို သည် ယခုအပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၏ ထပ်တလဲလဲ ဝေဖန်တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ သို့သော် ကင်မရွန်းနိုင်ငံမှ အင်ဂိုလာနိုင်ငံသို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက “အာဏာရှင်များ” နှင့် ပတ်သက်၍ ပြောကြားခဲ့သည့် မှတ်ချက်များသည် ဒေါ်နယ်ထရန့် ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်းနှင့် ၎င်းနှင့် အခြေအတင် အငြင်းပွားရန်မှာ မိမိ၏ အကျိုးစီးပွားမဟုတ်ကြောင်း ပြောဆိုကာ တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။

အမေရိကန်နိုင်ငံသားအဖြစ် ပထမဆုံးအကြိမ် ပုပ်ရဟန်းမင်းကြီး ဖြစ်လာသူ လီယို သည် အင်ဂိုလာနိုင်ငံ မြို့တော် လူအန်ဒါသို့ ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့သည်။

ကင်မရွန်းနိုင်ငံမှ မထွက်ခွာမီ မြို့တော် ယာအွန်ဒေးတွင် ကျင်းပသည့် နှုတ်ဆက်ခြင်းဆိုင်ရာ ဝတ်ပြုပွဲ၌ ပုပ်ရဟန်းမင်းကြီးက ကင်မရွန်းနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသော်လည်း မျှော်လင့်ချက်မပျက်ကြရန် တိုက်တွန်းခဲ့သည်။

ဗာတီကန်၏ ခန့်မှန်းချက်အရ ယင်းပွဲသို့ လူပေါင်း ၂၀၀,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း လူအများဆုံး တက်ရောက်သည့် ပွဲတစ်ခု ဖြစ်ခဲ့သည်။

ရေနံကြွယ်ဝသော်လည်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည့် အင်ဂိုလာ

အင်ဂိုလာနိုင်ငံတွင် ပုပ်ရဟန်းမင်းကြီးသည် သမ္မတ ဟွာအို လိုရင်ကို နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်များကို မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

အင်ဂိုလာနိုင်ငံသည် ၂၀ ရာစုအတွင်း ဆယ်စုနှစ်ပေါင်းများစွာ စစ်မီးတောက်ခဲ့သော်လည်း လက်ရှိတွင် အာဖရိက၏ အဓိက ရေနံထုတ်လုပ်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် လူဦးရေ ၃၆.၆ သန်းအနက် ၃၀ ရာခိုင်နှုန်းကျော်မှာ တစ်နေ့လျှင် ၂.၁၅ ဒေါ်လာအောက်ဖြင့် ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရကြောင်း ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိရသည်။

ချီကာဂိုမြို့သား ပုပ်ရဟန်းမင်းကြီး လီယို သည် ၎င်း၏ ပထမဆုံး ၁၀ လတာ ကာလအတွင်း လူသိနည်းအောင် နေထိုင်ခဲ့သော်လည်း ယခု အာဖရိကခရီးစဉ်တွင်မူ စစ်ပွဲများ၊ မညီမျှမှုများနှင့် ကမ္ဘာ့ခေါင်းဆောင်များကို ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုများ ပြုလုပ်လာခဲ့သည်။

၎င်း၏ အာဖရိကခရီးစဉ်သည် ပုပ်ရဟန်းမင်းကြီးတစ်ပါးအတွက် စီစဉ်ဖူးသမျှ ခရီးစဉ်များအနက် အရှုပ်ထွေးဆုံး ခရီးစဉ်တစ်ခုဖြစ်ပြီး လေကြောင်းခရီးစဉ် ၁၈ ကြိမ်ဖြင့် ခရီးကီလိုမီတာ ၁၈,၀၀၀ နီးပါး လှည့်လည်သွားလာရမည်ဖြစ်သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *