PSM(NEWS)

ဧပြီ ၁၈၊ ၂၀၂၆

အီရန်နိုင်ငံအပေါ် ဆင်နွှဲနေသည့် သမ္မတ ဒေါ်နယ်ထရန့် ၏ စစ်ဆင်ရေးများကို လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ဒီမိုကရက်များက ကန့်သတ်ရန် ကြိုးပမ်းခဲ့သော်လည်း အမေရိကန်အောက်လွှတ်တော်တွင် အဆိုပါဆုံးဖြတ်ချက်မှာ အတည်မဖြစ်ဘဲ ရှုံးနိမ့်သွားခဲ့သည်။

ကြာသပတေးနေ့က ပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှုတွင် ရီပတ်ဘလီကန်များ အများစုရှိသော အောက်လွှတ်တော်၌ ကန့်ကွက်မဲ ၂၁၄ မဲ၊ ထောက်ခံမဲ ၂၁၃ မဲဖြင့် အဆိုပါဆုံးဖြတ်ချက်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းသည် အထက်လွှတ်တော်တွင် အလားတူကန့်သတ်ချက်မျိုး ပယ်ချခံရပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မဲခွဲမှုရလဒ်မှာ ပါတီစွဲအလိုက် ကွဲပြားနေသည်ကို တွေ့ရပြီး ရီပတ်ဘလီကန်အမတ်အများစုက သမ္မတ၏ မူဝါဒကို ဆက်လက်ထောက်ခံနေကြသည်။ ယခုပဋိပက္ခသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၆ ပတ်ကျော် ကြာမြင့်လာပြီဖြစ်သည်။

ဒီမိုကရက်တစ်အမတ်များကမူ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကြေညာပိုင်ခွင့်မှာ လွှတ်တော်တွင်သာ ရှိကြောင်း ထောက်ပြကာ သမ္မတအနေဖြင့် လွှတ်တော်၏ ခွင့်ပြုချက်ကို ရယူသင့်ကြောင်း သတိပေးခဲ့ကြသည်။ သမ္မတတွင် ရှင်းလင်းသော မဟာဗျူဟာမရှိဘဲ နိုင်ငံကို ရေရှည်စစ်ပွဲအတွင်းသို့ ဆွဲသွင်းနေသည်ဟုလည်း ၎င်းတို့က စိုးရိမ်မကင်း ပြောဆိုခဲ့ကြသည်။

သို့သော်လည်း အိမ်ဖြူတော်နှင့် ရီပတ်ဘလီကန်အမတ်များကမူ သမ္မတသည် စစ်သေနာပတိချုပ် (Commander-in-Chief) တစ်ဦးအနေဖြင့် နိုင်ငံကို ကာကွယ်ရန် ကန့်သတ်ထားသော စစ်ဆင်ရေးများကို လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း တုံ့ပြန်ခဲ့ကြသည်။

လက်ရှိတွင် သမ္မတ ဒေါ်နယ်ထရန့် သည် အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဧပြီ ၇ ရက်နေ့က ရရှိထားပြီး ဖြစ်သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *