PSM(NEWS)

ဧပြီ ၁၇ ၊၂၀၂၆

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ တင်ဆောင်လာသည့် ရေနံစိမ်းများနှင့်အတူ ပါကစ္စတန်အလံတင် ရေနံတင်သင်္ဘော Shalamarသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ကာ ပင်လယ်ကွေ့ဒေသအတွင်းမှ ထွက်ခွာလာပြီဖြစ်ကြောင်း Kpler နှင့် LSEG တို့၏ သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

အဆိုပါအလတ်စားရေနံတင်သင်္ဘောသည် ယခုအပတ်အစောပိုင်းက တင်ဆောင်ခဲ့သည့် အဘူဒါဘီ၏ Das Blend ရေနံစိမ်း စည်ပေါင်း ၄၄၀,၀၀၀ ခန့်နှင့်အတူ ကြာသပတေးနေ့တွင် ရေလမ်းကြောင်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း Kpler အချက်အလက်များက ဖော်ပြသည်။ ၎င်းသင်္ဘောသည် တင်ဆောင်လာသော ကုန်စည်များကို ချထားရန်အတွက် ဧပြီလ ၁၉ ရက်နေ့တွင် ကရာချိဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်သည်။

Shalamar သည် ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်ဆောင်ရန်အတွက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရေလက်ကြားအတွင်းသို့ ဝင်ရောက်ခဲ့သော ပါကစ္စတန်သင်္ဘောနှစ်စင်းအနက် တစ်စင်းဖြစ်သည်။ အဆိုပါသင်္ဘောသည် UAE ရှိ ADNOC ရေနံတင်ဆိပ်ကမ်းမှ ရေနံစိမ်းများ တင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် ရေနံဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

Shalamar ကို စီမံခန့်ခွဲနေသည့် ပါကစ္စတန်အမျိုးသား သင်္ဘောလုပ်ငန်း ကမူ ဤကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပေ။

အမေရိကန်၏ ပိတ်ဆို့တားဆီးမှုများကြောင့် ယခုအပတ်အတွင်း အဆိုပါရေလက်ကြားရှိ ရေကြောင်းသွားလာမှုများ နှေးကွေးခဲ့သည်။

အမေရိကန်ရေတပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် သတိပေးချက်၌ ပိတ်ဆို့ကန့်သတ်မှုများကို တိုးမြှင့်လိုက်ပြီး တားမြစ်ကုန်စည်ဟု ယူဆရသည့် ပစ္စည်းများ ပါဝင်နေခြင်း သို့မဟုတ် အီရန်ပိုင်နက်သို့ ဦးတည်နေသည်ဟု သံသယရှိရသည့် မည်သည့်သင်္ဘောကိုမဆို “စစ်မက်ဖြစ်ပွားရာတွင် ကျင့်သုံးသည့် လုပ်ပိုင်ခွင့် အရ တက်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် ၏ X လူမှုကွန်ရက်တွင် ဖော်ပြချက်အရ အမေရိကန်တပ်ဖွဲ့များ၏ ၇၂ နာရီကြာ တင်းကျပ်စွာ စစ်ဆေးမှုများအပြီးတွင် သင်္ဘော ၁၄ စင်းသည် ပိတ်ဆို့မှုကို လိုက်နာရန်အတွက် နောက်ကြောင်းပြန်လှည့်သွားခဲ့ကြကြောင်း သိရသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *