PSM(NEWS)

ဧပြီ ၁၇၊ ၂၀၂၆

မြောက်ကိုရီးယားနျူကလီးယားစခန်းသစ်အကြောင်း ထုတ်ဖော်ပြောဆိုမှုအပေါ် အမေရိကန်က ကန့်ကွက်ခြင်း သို့မဟုတ် ထောက်လှမ်းရေးသတင်းမျှဝေမှု ကန့်သတ်ခြင်းမျိုး မရှိကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ဝန်ကြီးချောင်ဒုံယောင်၏ကူဆောင်ရှိ နျူကလီးယားစက်ရုံအကြောင်း ပြောကြားချက်မှာ အများသိရှိပြီးသား အချက်အလက်များအပေါ် အခြေခံခြင်းဖြစ်ကြောင်း အမေရိကန်ဘက်သို့ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။ အဆိုပါရှင်းလင်းချက်ကို အမေရိကန်ဘက်က လက်ခံခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော လွှတ်တော်ကြားနာပွဲတွင် ဝန်ကြီးက မြောက်ကိုရီးယား၌ လူသိများပြီးဖြစ်သည့် ယောင်ဗြွန်းနှင့် ကန်ဆွန်စခန်းများအပြင် ကူဆောင်မြို့တွင်လည်း ယူရေနီယံသန့်စင်သည့် စက်ရုံရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားမှုအပေါ် ဝါရှင်တန်က မကျေမနပ်ဖြစ်နေပြီး ထောက်လှမ်းရေးသတင်းမျှဝေမှုကို ကန့်သတ်တော့မည်ဟု Dong-A Ilbo သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်သံရုံး၏ စုံစမ်းမှုကို လုံလောက်စွာ ရှင်းပြခဲ့ပြီးဖြစ်သလို အမေရိကန်ဘက်မှ ကန့်ကွက်သည့် အရေးယူဆောင်ရွက်မှုမျိုးလည်း မတွေ့ရှိရကြောင်း အတည်ပြုပြောကြားခဲ့သည်။

ကိုးကား Reuters

By Htet Ko