PSM(NEWS) ဧပြီ ၁၇၊ ၂၀၂၆ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံက ကြာသပတေးနေ့တွင် ပြောကြားလိုက်ပြီး ညှိနှိုင်းဆွေးနွေးမှုများတွင် နှစ်ဖက်စလုံးက “အပြုသဘောဆောင်သော” သဘောထားမျိုး ထားရှိကြရန် တိုက်တွန်းလိုက်သည်။ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်ဖြစ်သလို အီရန်၏ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သော တူရကီသည် အမေရိကန်၊ အီရန်၊ ကြားခံညှိနှိုင်းပေးသူ ပါကစ္စတန်တို့နှင့် အနီးကပ် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး တိုက်ပွဲများရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ “လက်ရှိ အပစ်အခတ်ရပ်စဲရေးကနေ အမြဲတမ်း ငြိမ်းချမ်းရေးအဆင့်အထိ ရောက်ရှိသွားဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တူရကီအစိုးရအနေဖြင့် “ဆွေးနွေးပွဲဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူတွေဟာ အပြုသဘောဆောင်ကြလိမ့်မယ်” ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများမှာ ထူးခြားသော တိုးတက်မှုမရှိဘဲ ပြီးဆုံးခဲ့ပြီးနောက် လာမည့် သီတင်းပတ်ကုန်တွင် နောက်ထပ်ဆွေးနွေးပွဲများအတွက် အမေရိကန်နှင့် အီရန်တာဝန်ရှိသူများက ပါကစ္စတန်သို့ ပြန်လည်သွားရောက်ရန် စဉ်းစားနေကြသည်။ လာမည့်သီတင်းပတ်ကုန်တွင် တူရကီနိုင်ငံတောင်ပိုင်း အန်တာလျ ပြည်နယ်၌ ကျင်းပမည့် သံတမန်ရေးရာဖိုရမ်တွင် တူရကီ၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယားနှင့် အီဂျစ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကြမည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ ထိုဖိုရမ်သို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ် လည်း တက်ရောက်ရန် ရှိနေသည်။ ကိုးကားReuters Post navigation တောင်ကိုရီးယားသမ္မတ လီဂျဲမြောင် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများသို့ နိုင်ငံတော်အဆင့် ခရီးစဉ်များ သွားရောက်မည် အမေရိကန်နှင့် ထောက်လှမ်းရေးသတင်းမျှဝေမှု ကန့်သတ်ခံရခြင်းမရှိဟု တောင်ကိုရီးယား အတည်ပြု