PSM(NEWS)

ဧပြီ ၁၇၊ ၂၀၂၆

တောင်ကိုရီးယားသမ္မတ လီဂျဲမြောင်သည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ နိုင်ငံတော်အဆင့် ခရီးစဉ်တစ်ရပ် စတင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သမ္မတ၏ အကြံပေးပုဂ္ဂိုလ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

သမ္မတ လီဂျဲမြောင် သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ ဧပြီ ၁၉ ရက်မှ ၂၄ ရက်အထိ ခရီးစဉ်ကို နယူးဒေလီမြို့မှ စတင်မည်ဖြစ်ကြောင်း သမ္မတအိမ်တော် (Blue House) ၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် အကြံပေးပုဂ္ဂိုလ် ဝီဆွန်းလက်၏ ပြောကြားချက်အရ သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် ဧပြီ ၂၀ ရက်တွင် ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး သင်္ဘောကျင်းလုပ်ငန်း၊ ဉာဏ်ရည်တု (AI) နှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။ ထို့အပြင် သမ္မတသည် နိုင်ငံနှစ်ခုမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ စားပွဲဝိုင်းဆွေးနွေးပွဲတစ်ခုသို့လည်း တက်ရောက်မည်ဖြစ်သည်။

ယခုခရီးစဉ်တွင် တောင်ကိုရီးယား၏ ထိပ်တန်းကုမ္ပဏီကြီး ၄ ခုဖြစ်သည့် Samsung၊ SK Group၊ Hyundai နှင့် LG Group တို့မှ အကြီးအကဲများအပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၂၀၀ ခန့် လိုက်ပါမည်ဟုYonhap သတင်းဌာနက ဖော်ပြသည်။

အကြံပေးပုဂ္ဂိုလ် ဝီဆွန်းလက်က ကမ္ဘာလုံးဆိုင်ရာ အခြေအနေများ မတည်မငြိမ်ဖြစ်နေစဉ်အတွင်း စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်တွင် အိန္ဒိယနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းနှင့် အိန္ဒိယရှိ တောင်ကိုရီးယားနိုင်ငံသားများ၏ နေထိုင်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးရန် သမ္မတက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ လီဂျဲမြောင် သည် ဧပြီ ၂၁ ရက်တွင် ဟနွိုင်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး နောက်တစ်နေ့တွင် ဗီယက်နမ် ထိပ်သီးခေါင်းဆောင် တိုလမ် နှင့် တွေ့ဆုံမည်ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် စွမ်းအင်၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်နှင့် အရေးကြီးသတ္တုတွင်းထွက်ကဏ္ဍများအပြင် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ရန်အတွက်လည်း ဆွေးနွေးကြမည်ဖြစ်သည်။

ဗီယက်နမ်ခေါင်းဆောင် တိုလမ် သည် ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းက ဆိုးလ်မြို့သို့ လာရောက်ခဲ့စဉ်က နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၅၀ ဘီလီယံအထိ တိုးမြှင့်ရန် သဘောတူညီခဲ့ကြဖူးသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *