PSM(NEWS) ဧပြီ ၁၇၊ ၂၀၂၆ အီရန်ဆိပ်ကမ်းများသို့ ဦးတည်သည့် သင်္ဘောများကို အမေရိကန်က ပိတ်ဆို့တားဆီးထားသော်လည်း အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် ဒုတိယမြောက် ရေနံတင်သင်္ဘောကြီးတစ်စီးသည် ဟော်မုဇ်ရေလက်ကြား ကို ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်လာကြောင်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။ အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပျက်ပြားသွားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အဆိုပါ ပိတ်ဆို့မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာတွင် တနင်္လာနေ့ ပိတ်ဆို့မှုစတင်ကတည်းက သင်္ဘော ၁၀ စီးကို လှည့်ပြန်ခိုင်းနိုင်ခဲ့ပြီး မည်သည့်သင်္ဘောမှ ကျော်ဖြတ်နိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် အီရန်ရေနံတင်သင်္ဘောကြီးတစ်စီးသည် ပိတ်ဆို့မှုများကြားမှ အီရန်နိုင်ငံ၏ အီမမ် ခိုမိန်းနီ ဆိပ်ကမ်းသို့ ဦးတည်ကာ ရေလက်ကြားကို ဖြတ်ကျော်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်Farsသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ LSEG နှင့် Kpler တို့မှရရှိသော အချက်အလက်များအရ ရေနံစိမ်းစည်ပေါင်း ၂ သန်းအထိ တင်ဆောင်နိုင်သည့် RHN အမည်ရှိ အလွတ်ရေနံတင်သင်္ဘောကြီး(VLCC) သည် ဗုဒ္ဓဟူးနေ့တွင် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘော မည်သည့်နေရာသို့ ဦးတည်နေသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယင်းမတိုင်မီ တစ်ရက်ကလည်း အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် Alicia အမည်ရှိ ရေနံတင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ခဲ့ပြီး အီရတ်နိုင်ငံသို့ ဦးတည်နေကြောင်း သိရသည်။ ထိုသင်္ဘောနှစ်စီးစလုံးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အီရန်ရေနံများကို တင်ဆောင်ခဲ့သည့် မှတ်တမ်းများရှိကြောင်း Kpler က ဆိုသည်။ ဝါရှင်တန်ဒီစီသည် အီရန်စွမ်းအင်ကဏ္ဍအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုအချို့ကို လျှော့ပေါ့ပေးခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ စစ်ရေးအရ ပိတ်ဆို့မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ ၎င်းမှာ နောင်လာမည့် ဆွေးနွေးပွဲများတွင် အသာစီးရယူရန် အီရန်ရေနံဝယ်ယူသူများကိုပါ ဒုတိယအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်နိုင်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ အီရန်နိုင်ငံသည် ပဋိပက္ခသစ်များ မဖြစ်ပွားစေရန် သဘောတူညီချက်ရရှိပါက အိုမန်နိုင်ငံဘက်ခြမ်းရှိ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာခွင့်ပြုရန် ကမ်းလှမ်းထားကြောင်း တီဟီရန် မှ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ အမေရိကန်၏ ပိတ်ဆို့မှုကြောင့် အီရန်၏ ရေနံစိမ်းတင်ပို့မှု လျော့ကျသွားနိုင်သော်လည်း လက်ရှိတွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၃.၅ သန်း ထုတ်လုပ်နေသည့် အီရန်အနေဖြင့် ကုန်းတွင်းသိုလှောင်ကန်များရှိ ရေနံများဖြင့် ရက်သတ္တပတ်ပေါင်းများစွာ တောင့်ခံထားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ ကိုးကား Reuters Post navigation G7 အစည်းအဝေးတွင် ဈေးကွက်လှုပ်ခတ်မှုများကို အနီးကပ်စောင့်ကြည့်မည်ဟု ဂျပန်ကတိပြု တောင်ကိုရီးယားသမ္မတ လီဂျဲမြောင် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများသို့ နိုင်ငံတော်အဆင့် ခရီးစဉ်များ သွားရောက်မည်