PSM(NEWS) ဧပြီ ၁၆ ၊၂၀၂၆ မကြာသေးမီလများအတွင်း ကမ္ဘာတစ်ဝှမ်းရှိ အသက် ၂၀ ကျော် လူငယ်များသည် တရုတ်တို့၏ နေထိုင်မှုပုံစံများကို မည်သို့လက်ခံကျင့်သုံးနေကြကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တခဲနက် ဖော်ပြလာကြသည်။ အသုံးပြုသူများက “တရုတ်ဆန်ဆန် အစွမ်းကုန်နေထိုင်ခြင်း” (Chinamaxxing) သို့မဟုတ် “သူတို့ဘဝ၏ အလွန်တရုတ်ဆန်သော အချိန်ကာလ” ဟု တင်စားကာ ရေနွေးထဲတွင် ဂေါ်ဂျီသီး (goji berries) ခတ်သောက်ခြင်း၊ ဖက်ထုပ်စားခြင်း၊ အိမ်ထဲတွင် ဖိနပ်အပါးစီးခြင်း သို့မဟုတ် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ၎င်း၏ ခေတ်မီအခြေခံအဆောက်အအုံများကို ချီးကျူးခန်းဖွင့်ခြင်း စသည့် ဗီဒီယိုများသည် ကြည့်ရှုသူ သန်းပေါင်းများစွာ ရရှိနေသည်။ တရုတ်အစိုးရသည် ၎င်း၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ထွန်းကားလာမှုနှင့်အတူ ကမ္ဘာ့စင်မြင့်ထက်တွင် ၎င်းတို့၏ ပျော့ပျောင်းသောသြဇာ (Soft Power) ကို တွန်းအားပေးရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။ သို့သော် အစိုးရ၏တရားဝင် ကြိုးပမ်းမှုများသည် ယခုလက်ရှိ “တရုတ်လူမျိုးဖြစ်လာခြင်း” (Becoming Chinese) ဆိုသည့် အင်တာနက်ရေစီးကြောင်း (Meme) ကဲ့သို့ အောင်မြင်မှုမျိုး တစ်ခါမျှ မရရှိခဲ့ဖူးပေ။ တရုတ်ဝါရင့် သံတမန်များပင်လျှင် ဤလားရာကို သတိပြုမိကြသည်။ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှဲ့ဖုန်းက မကြာသေးမီက ဗီဇာကင်းလွတ်ခွင့်ဖြင့် ခရီးသွားလာနိုင်သည့် မူဝါဒသစ်ကို မြှင့်တင်ရာတွင် ဤအင်တာနက်ရေစီးကြောင်းကို ရည်ညွှန်းပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် “စစ်မှန်သော၊ တက်ကြွသော၊ ရှုထောင့်စုံလင်သော တရုတ်နိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခံစားကြည့်ရန်” တိုက်တွန်းခဲ့သည်။ ဤ TikTok ရေစီးကြောင်းသည် တရုတ်ထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများမှာ ယခင်က တစ်ခါမျှမရှိခဲ့ဖူးသော ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုမျိုးကို ကမ္ဘာတစ်ဝှမ်းတွင် ရရှိလာနေသည့် နောက်ဆုံးသာဓကတစ်ခု ဖြစ်သည်။ ရုပ်ရှင်များမှသည် ဂီတ၊ Labubu အရုပ်များ နှင့် ရေနွေးသောက်ခြင်းကဲ့သို့ ရိုးရှင်းသော အလေ့အထများအထိ ‘တရုတ်ဆန်သောအရာများ’ ကို ယခုအခါ လူအများက ခေတ်မီဆန်းသစ်သော အရာများအဖြစ် ရှုမြင်လာကြသည်။ “တရုတ်နိုင်ငံဟာ တကယ့် ပျော့ပျောင်းတဲ့သြဇာကို ရရှိနေပါပြီ။ ဒါကို တရုတ်ယဉ်ကျေးမှုနဲ့ ‘တရုတ်ဆန်မှု’ တွေဟာ နေ့စဉ်ဘဝမှာ ရင်းနှီးကျွမ်းဝင်စရာ၊ လိုက်နာလုပ်ဆောင်စရာနဲ့ ကမ္ဘာလုံးဆိုင်ရာ စားသုံးနိုင်စရာတွေ ဖြစ်လာတာမှာ အထင်အရှား မြင်တွေ့နိုင်ပါတယ်” ဟုနယူးယောက်တက္ကသိုလ်သက်မွေးမှုပညာရပ်ဆိုင်ရာ လေ့လာရေးကျောင်း၏ ကမ္ဘာလုံးဆိုင်ရာ ရေးရာဌာနမှ ပါမောက္ခရှောက်ယုယွမ် က ပြောကြားခဲ့သည်။ ကိုးကား AP Post navigation ကိုလံဘီယာအစိုးရ အရေးပေါ်အခြေအနေတွင် ကောက်ခံထားသော ရန်ပုံငွေများ ပြန်လည်ပေးအပ်ရန် တရားရုံးအမိန့်ချ G7 အစည်းအဝေးတွင် ဈေးကွက်လှုပ်ခတ်မှုများကို အနီးကပ်စောင့်ကြည့်မည်ဟု ဂျပန်ကတိပြု