PSM(NEWS) ဧပြီ ၁၅၊၂၀၂၆ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် တစ်ဦးကောင်းတစ်ယောက်ကောင်းဝါဒ နှင့် ကာကွယ်ရေးဝါဒ တို့ကို အတူတကွ ဆန့်ကျင်ကြရမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ပူးပေါင်းရင်ဆိုင်ရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗီယက်နမ်ထိပ်သီးခေါင်းဆောင်အား ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “နှစ်ဖက်စလုံးအနေနဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှု အလံတော်ကို မြှင့်တင်ထားကြရပါမယ်။ တစ်ဦးကောင်းတစ်ယောက်ကောင်းဝါဒနဲ့ ကာကွယ်ရေးဝါဒတွေကို ပူးတွဲဆန့်ကျင်ပြီး ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်မှုစနစ်ကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်သလို၊ စက်မှုလုပ်ငန်းနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ တည်ငြိမ်ချောမွေ့စေဖို့ကိုလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှီကျင့်ဖျင်က ဆိုသည်။ ဗီယက်နမ်သမ္မတ တိုလမ် ၏ လေးရက်ကြာ တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံနှစ်ခုလုံးအနေဖြင့် စွမ်းအင်လုံခြုံရေးကို အာမခံနိုင်ရန် ကြိုးပမ်းနေကြပြီး အမေရိကန်၏ အခွန်အတားအဆီး ဖိအားများကို ကျော်လွှားနိုင်ရန်အတွက် တရုတ်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သမ္မတ တိုလမ်သည် ယခုအပတ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာခေါင်းဆောင်များထဲတွင် နောက်ဆုံးရောက်ရှိလာသူ ဖြစ်သည်။ ၎င်းမတိုင်မီ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ နှင့် အဘူဒါဘီ အိမ်ရှေ့မင်းသားရှိတ်ခ် ခါလစ် ဘင် မိုဟာမက် ဘင် ဇာယစ် အယ်လ် နာယန် တို့လည်း လာရောက်ခဲ့ကြသည်။ ထို့အပြင် ဗုဒ္ဓဟူးနေ့မှာပင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေး လာဗရော့ဗ်သည်လည်း ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း မတည်မငြိမ်ဖြစ်နေချိန်တွင် ယခုကဲ့သို့ အဆင့်မြင့်တွေ့ဆုံမှုများ ရှိလာခြင်းမှာ ဘေဂျင်းအစိုးရ၏ နိုင်ငံတကာသံတမန်ရေးရာ ကဏ္ဍတွင် ပါဝင်ပတ်သက်မှု ပိုမိုအားကောင်းလာခြင်းကို ပြသနေခြင်းလည်း ဖြစ်သည်။ ကိုးကား South China Morning Post Post navigation ယူအေအီး သို့ ပေးဆပ်ရန် ကြွေးမြီများရှိနေစဉ် ဆော်ဒီအာရေဗျက ပါကစ္စတန်အား ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ကူညီ ကိုလံဘီယာအစိုးရ အရေးပေါ်အခြေအနေတွင် ကောက်ခံထားသော ရန်ပုံငွေများ ပြန်လည်ပေးအပ်ရန် တရားရုံးအမိန့်ချ