PSM(NEWS)

ဧပြီ ၁၆ ၊၂၀၂၆

ပါကစ္စတန်နိုင်ငံအနေဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ပြန်လည်ပေးဆပ်ရမည့် ဒေါ်လာဘီလီယံနှင့်ချီသော ကြွေးမြီများကြောင့် ဘဏ္ဍာရေးအခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံက ဒေါ်လာ ၃ ဘီလီယံထပ်ဆောင်းထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်မြို့ရှိ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး မိုဟာမက် အော်ရန်ဇက်ဘ် က ရီယတ်ဒ်အစိုးရသည် ယခင်က အပ်နှံထားသော ဒေါ်လာ ၅ ဘီလီယံအားသက်တမ်းတိုးပေးရုံသာမက ယခုကဲ့သို့ အပိုဆောင်းရန်ပုံငွေကိုပါ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်သည် ယခုလအတွင်း ယူအေအီးသို့ ဒေါ်လာ ၃.၅ ဘီလီယံ ပြန်လည်ပေးဆပ်ရမည်ဖြစ်ရာ နိုင်ငံခြားသုံးငွေ အရန်ထားရှိမှုအပေါ် ဖိအားဖြစ်ပေါ်စေသည်။

အီရန်၏ တိုက်ခိုက်မှုများအပေါ် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ဆော်ဒီ-ပါကစ္စတန် ဆက်ဆံရေး ပိုမိုခိုင်မာလာသည်။

ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံအကြား အပြန်အလှန်ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း ရီယတ်ဒ်နှင့် အစ္စလာမ္မာဘတ်တို့အကြား ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရန် ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်နေသကဲ့သို့ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ ခံနေရသည့် ဆော်ဒီအာရေဗျ၏ ကာကွယ်ရေးကဏ္ဍတွင်လည်း တိုက်လေယာဉ်များစေလွှတ်၍ ကူညီပေးလျက်ရှိသည်။

ပါကစ္စတန်၏ နိုင်ငံခြားသုံးငွေ အရန်ထားရှိမှုမှာ မတ်လ ၂၇ ရက်နေ့အထိ ဒေါ်လာ ၁၆.၄ ဘီလီယံခန့်ရှိပြီး ယူအေအီးသို့ ပေးဆပ်ရမည့်ပမာဏမှာ စုစုပေါင်းပိုင်ဆိုင်မှု၏ ၁၈ ရာခိုင်နှုန်းခန့် ရှိနေသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အစီအစဉ်အရ ပါကစ္စတန်သည် ဇွန်လနောက်ဆုံးထား၍ အရန်ငွေကြေး ဒေါ်လာ ၁၈ ဘီလီယံကျော်အထိ ရှိလာစေရန် ရည်မှန်းထားသည်။

ဆော်ဒီ ဘဏ္ဍာရေးဝန်ကြီး မိုဟာမက် အယ်လ်-ဂျာဒန် သည် ပြီးခဲ့သည့် သောကြာနေ့က ပါကစ္စတန်သို့ သွားရောက်ခဲ့ပြီး စီးပွားရေးအရ ထောက်ခံအားပေးမှုကို ပြသခဲ့သည်။ ဤကူညီမှုကြောင့် ပါကစ္စတန်၏ နိုင်ငံတကာငွေချေးစာချုပ် ဈေးကွက်မှာလည်း ပြန်လည်ဦးမော့လာကြောင်း သိရသည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ် သည် ယခုအပတ်အတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် တူရကီနိုင်ငံများသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *