PSM(NEWS)

ဧပြီ ၁၆ ၊၂၀၂၆

သီရိလင်္ကာနိုင်ငံအနီး ပင်လယ်ပြင်တွင် ကယ်ဆယ်ထားသည့် အီရန်စစ်သင်္ဘောနှစ်စင်းမှ အီရန်ရေတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က အမေရိကန်ရေငုပ်သင်္ဘောတစ်စင်း၏ တိုပီဒိုဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသော IRIS Dena အမည်ရှိ အီရန်စစ်သင်္ဘောမှ အမှုထမ်း ၃၂ ဦးကို သီရိလင်္ကာရေတပ်က ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်သင်္ဘောမှာ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကာလအတွင်း အိန္ဒိယနိုင်ငံက ဦးစီးကျင်းပသည့် ရေတပ်လေ့ကျင့်ခန်းမှအပြန်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် မတ်လ ၅ ရက်နေ့တွင် စက်ချို့ယွင်းမှုကြောင့် အကူအညီတောင်းခံခဲ့သည့် IRIS Booshehr သင်္ဘောမှ အမှုထမ်း ၂၀၈ဦးကိုလည်းသီရိလင်္ကာဘက်က ကယ်ဆယ်ခဲ့သည်။

“သင်္ဘောနှစ်စင်းလုံးက အမှုထမ်းတွေကို အင်္ဂါနေ့ည ၁၁ နာရီဝန်းကျင်မှာ အထူးလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး အရုဏ ဇေယျသေခရ က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

IRIS Booshehr သင်္ဘောကို သီရိလင်္ကာအရှေ့ပိုင်း ထရင်ကိုမာလီကမ်းလွန်သို့ ဆွဲယူလာခဲ့ပြီး လက်ရှိတွင် လုပ်ငန်းစဉ်များ ကူညီဆောင်ရွက်ရန်အတွက် အီရန်အမှုထမ်း ၈ ဦးမှ ၁၀ ဦးခန့် သင်္ဘောပေါ်တွင် ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သီရိလင်္ကာအစိုးရသည် အဆိုပါအမှုထမ်းများကို ရက်ပေါင်း ၃၀ ဗီဇာထုတ်ပေးကာ ရေတပ်နှင့် လေတပ်စခန်းများတွင် ခေတ္တနေရာချထားပေးခဲ့ခြင်း ဖြစ်သည်။ ယခုပြန်လည်ထွက်ခွာမှုတွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် Dena သင်္ဘောမှ အမှုထမ်း ၈၄ ဦး၏ ရုပ်အလောင်းများကိုလည်း အီရန်အစိုးရက စီစဉ်သည့် အထူးလေယာဉ်ဖြင့် တစ်ပါတည်း ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကိုးကား Reuters

By Htet Ko