PSM(NEWS)

ဧပြီ ၁၅၊ ၂၀၂၆

ကပ္ပလီပင်လယ်ပြင် အတွင်း လူပေါင်းရာနှင့်ချီ တင်ဆောင်လာသည့် စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့မှုကြောင့် အကြီးစား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် လူပေါင်း ၂၅၀ ခန့် ပျောက်ဆုံးနေပြီး ပင်လယ်ပြင်အတွင်း လူအမြောက်အမြား အသက်ဆုံးရှုံးရသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာမည်ကို အာဏာပိုင်များက စိုးရိမ်နေကြသည်။

မလေးရှားနိုင်ငံသို့ ဦးတည်မောင်းနှင်လာသည့် အဆိုပါ စက်လှေသည် ပင်လယ်ပြင်အတွင်း ရက်ပေါင်းအတန်ကြာ ဖြတ်သန်းခဲ့ပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သတင်းထုတ်ပြန်ချက်များအရ စက်လှေပေါ်တွင် စုစုပေါင်း လူဦးရေ ၂၅၀ မှ ၂၈၀ ခန့်အထိ လိုက်ပါလာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ လူ ၉ ဦးကိုသာ ကယ်ဆယ်နိုင်သေးပြီး ကျန်ရှိသည့် ၂၅၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့သည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

ပင်လယ်ပြင်အတွင်း ကင်းလှည့်နေသည့် သင်္ဘောတစ်စီးက အသက်ရှင်ကျန်ရစ်သူအချို့ကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ရာမှတဆင့် ယခုဖြစ်ရပ်မှာ လူသိရှင်ကြား ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်သည် တရားမဝင် ရွှေ့ပြောင်းသွားလာမှုများနှင့် ဒုက္ခသည်များ ကြုံတွေ့နေရသည့် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေများကို မီးမောင်းထိုးပြနေပါသည်။

ကိုးကား The Independent

By Htet Ko