PSM(NEWS) ဧပြီ ၁၅၊ ၂၀၂၆ တောင်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော ဆယ်ဂျုံးမြို့တွင် သမ္မတရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်နှစ် ဩဂုတ်လတွင် စတင်တော့မည်ဖြစ်ကြောင်း သမ္မတအိမ်တော်က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ သမ္မတ လီဂျေမျောင်း အနေဖြင့် ၎င်း၏ သမ္မတသက်တမ်းအတွင်း အဆိုပါရုံးအဆောက်အအုံကို အသုံးပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းအတွက် တင်ဒါခေါ်ယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ဆက်သွယ်ရေးအတွင်းရေးမှူး လီကျူယွန်း က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သမ္မတ လီဂျေမျောင်း သည် ၎င်း၏ သမ္မတရာထူးမှ အနားယူပွဲ အခမ်းအနားကို ဆယ်ဂျုံးမြို့၌ ကျင်းပရန် ဆန္ဒရှိနေပြီး စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။ လတ်တလောတွင် ရုံးသစ်အတွက် ဒီဇိုင်းပြိုင်ပွဲ ကျင်းပနေပြီး ယခုလကုန်တွင် အနိုင်ရသည့် ဒီဇိုင်းကို ရွေးချယ်ကာ ဒီဇိုင်းရေးဆွဲမှု တစ်နှစ်ကြာပြီးနောက် ၂၀၂၇ ဩဂုတ်လ၌ ပန္နက်တင် တည်ဆောက်မည်ဖြစ်သည်။ သမ္မတ လီဂျေမျောင်း သည် ၂၀၂၅ ဇွန်လ ရွေးကောက်ပွဲ ကမ်ပိန်းအတွင်း ဆယ်ဂျုံးမြို့၌ ဒုတိယသမ္မတရုံးနှင့် လွှတ်တော်အဆောက်အအုံသစ် တည်ဆောက်မည်ဟု ကတိပြုခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၎င်းသည် သမ္မတရုံးကို ယခင်သမ္မတ ယွန်းဆော့ယောလ် ပြောင်းရွှေ့ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနဝန်းအတွင်းမှ ဆိုးလ်မြို့လယ်ရှိ ရိုးရာအိမ်ပြာတော်ဝန်းအတွင်းသို့ ပြန်လည်ရွှေ့ပြောင်းခဲ့သေးသည်။ ဆယ်ဂျုံးမြို့၌ သမ္မတရုံး တိုးချဲ့ဖွင့်လှစ်ခြင်းဖြင့် ဒေသအလိုက် ညီညွတ်မျှတသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ဆိုးလ်မြို့၏ အဆမတန် မြင့်တက်နေသော အိမ်ခြံမြေဈေးနှုန်းများကို လျှော့ချရန်နှင့် တောင်ကိုရီးယား၏ အုပ်ချုပ်ရေးမြို့တော်အဖြစ် အပြီးသတ်ဖော်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အစိုးရ၏ ရည်မှန်းချက်မှာ ၂၀၂၉ ခုနှစ် ဩဂုတ်လတွင် သမ္မတအား ဆယ်ဂျုံးရုံးသစ်သို့ ပြောင်းရွှေ့ရန်ဖြစ်သော်လည်း အဆိုပါရုံးကို လက်ရှိ အိမ်ပြာတော်၏ နေရာတွင် အဓိကသမ္မတရုံးအဖြစ် အစားထိုးခြင်း ရှိ၊ မရှိကိုမူ လူထုသဘောထားနှင့် ဥပဒေပြုရေးဆိုင်ရာ အဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။ ဆယ်ဂျုံးမြို့ကို ၂၀၁၂ ခုနှစ်တွင် ဆိုးလ်မြို့၏ လူဦးရေထူထပ်မှုကို လျှော့ချရန် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရဝန်ကြီးဌာန အများစု အခြေစိုက်လျက်ရှိသော်လည်း သမ္မတရုံးမှာမူ မြို့တော်ဆိုးလ်၌သာ ဆက်လက်တည်ရှိနေခြင်း ဖြစ်သည်။ ကိုးကား Reuters Post navigation ဒေါ်နယ်ထရန့် ၏ အီရန်ဆိပ်ကမ်းပိတ်ဆို့ရေး အစီအစဉ်တွင် ပါဝင်ရန် NATOမဟာမိတ်များ ငြင်းဆန် တူရကီနိုင်ငံပိုင် TPAO ကုမ္ပဏီနှင့်အတူ ပင်လယ်နက်အတွင်း စွမ်းအင်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရန် TotalEnergies စီစဉ််