PSM(NEWS)

ဧပြီ ၁၄၊၂၀၂၆

အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ဖြတ်တောက်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၏ အစီအစဉ်တွင် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်နိုင်ငံများက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တိုက်ပွဲများ ပြီးဆုံးသွားသည့် အချိန်မှသာ ကြားဝင်ဆောင်ရွက်ပေးရန် ၎င်းတို့က အဆိုပြုထားကြရာ ယင်းလုပ်ရပ်သည် သမ္မတ ဒေါ်နယ်ထရန့် ကို ဒေါသထွက်စေနိုင်ပြီး မဟာမိတ်အဖွဲ့အတွင်း တင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်သည်။

အီရန်နှင့် ၆ ပတ်ကြာ ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆွေးနွေးမှုများမှာ သဘောတူညီချက်မရဘဲ ပျက်ပြားသွားခဲ့သည်။

ထို့ကြောင့် တနင်္လာနေ့တွင် စတင်ခဲ့သည့် ဆိပ်ကမ်းပိတ်ဆို့မှု ဧရိယာအနီးသို့ ချဉ်းကပ်လာသည့် အီရန်သင်္ဘောမှန်သမျှကို အမေရိကန်စစ်တပ်က ဖျက်ဆီးပစ်မည်ဟု ဒေါ်နယ်ထရန့် က ဆိုသည်။

ဗြိတိန်နှင့် ပြင်သစ် အပါအဝင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်များကမူ ၎င်းတို့သည် ယင်းပိတ်ဆို့မှုတွင် ပါဝင်ခြင်းဖြင့် ပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအစား ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အခြားနည်းလမ်းတစ်ခုကို လုပ်ဆောင်နေကြောင်း ၎င်းတို့က ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက ဖိအားများစွာ ရှိနေသော်လည်း စစ်ပွဲအတွင်းသို့ ဆွဲသွင်းခံမည်မဟုတ်ကြောင်းနှင့် ပိတ်ဆို့မှုကို ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်ကရေကြောင်းသွားလာမှုပြန်လည်ကောင်းမွန်စေရန် နိုင်ငံစုံမစ်ရှင်တစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ဗြိတိန်နှင့် အခြားနိုင်ငံများကို ဖိတ်ခေါ်၍ ပဲရစ် သို့မဟုတ် လန်ဒန်တွင်အစည်းအဝေးတစ်ခု ကျင်းပရန်စီစဉ်နေသည်။

NATOအထွေထွေအတွင်းရေးမှူးချုပ်မတ်ခ် ရုတ္ထေက အဖွဲ့ဝင် ၃၂ နိုင်ငံလုံး သဘောတူညီပါက NATO အနေဖြင့်ရေလက်ကြားလုံခြုံရေးတွင်အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့် ကမူ ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “ပိတ်ဆို့မှုကို မကြာမီ စတင်တော့မည်ဖြစ်ပြီး အခြားနိုင်ငံများလည်း ပါဝင်လာလိမ့်မည်” ဟု ရေးသားခဲ့သည်။ သို့သော် ဥရောပနိုင်ငံအများစုကမူ တိုက်ပွဲများ ရေရှည်ရပ်တန့်သွားပြီး ၎င်းတို့၏ သင်္ဘောများ တိုက်ခိုက်ခံရမည်မဟုတ်ကြောင်း အီရန်နှင့် သဘောတူညီချက် ရရှိပြီးမှသာ ကူညီရန် ဆန္ဒရှိနေကြသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *