PSM(NEWS) ဧပြီ ၁၅ ၊ ၂၀၂၆ လက်ရှိကမ္ဘာ့နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုစနစ် အပေါ် ခြိမ်းခြောက်မှုများကိုတုံ့ပြန်ရန်အတွက် ဥရောပနှင့် တရုတ်နိုင်ငံတို့သည် ပိုမိုနီးကပ်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်ကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ ၎င်းသည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးအပြီးတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊သမ္မတရှီကျင့်ဖျင်ကလည်းလက်ရှိနိုင်ငံတကာအစီအစဉ်မှာ“ပြိုပျက်နေပြီ”ဟုမှတ်ချက်ပြုခဲ့သည်။ ဝန်ကြီးချုပ်ပတ်ဒရိုဆန်းချက်ဇ် ၏ ဧပြီ ၁၁ ရက်မှ ၁၅ ရက်အထိ ကြာမြင့်မည့် တရုတ်နိုင်ငံခရီးစဉ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ၏ မူဝါဒများအပေါ် စိုးရိမ်မှုများမြင့်တက်နေချိန်တွင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ လုံခြုံရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ရှိနေလင့်ကစားအနောက်နိုင်ငံ အစိုးရအများအပြားသည် ပေကျင်းနှင့် ဆက်ဆံရေး နွေးထွေးစေရန်ကြိုးပမ်းလျက်ရှိရာ၊ ယခုနှစ်အတွင်း ဗြိတိန်၊ ကနေဒါ၊ ဖင်လန်နှင့် အိုင်ယာလန်နိုင်ငံတို့မှခေါင်းဆောင်များ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ပတ်ဒရို ဆန်းချက်ဇ်မှာ နောက်ဆုံးလာရောက်သည့် ခေါင်းဆောင်ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်က၎င်းတို့နှစ်ဦးတွေ့ဆုံစဉ်အတွင်း လက်ရှိနိုင်ငံတကာအစီအစဉ်မှာ ပျက်စီးယိုယွင်းနေပြီး၊ တရုတ်နှင့် စပိန်တို့အကြား ပိုမိုနက်ရှိုင်းသောဆက်ဆံရေးတည်ဆောက်ခြင်းသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း မီဒီယာများသို့ ထုတ်ပြန်ချက်အရ သိရသည်။ စပိန်နိုင်ငံသည် တရုတ်နိုင်ငံအား စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ပြိုင်ဘက်အဖြစ်ရှုမြင်သည့် ဒေါ်နယ်ထရမ့်၏ အမြင်နှင့်မတူဘဲ၊ တရုတ်နှင့်ကုန်သွယ်ရေး တိုးမြှင့်ရန်နှင့် မဟာဗျူဟာမြောက် မဟာမိတ်အဖြစ် သဘောထားရန် ဥရောပတွင် အသံအကျယ်ဆုံး တိုက်တွန်းနေသည့် နိုင်ငံဖြစ်သည်။ အမေရိကန်က နယ်ပယ်အတော်များများမှ နောက်ဆုတ်သွားရန် ဆုံးဖြတ်ထားချိန်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးဖြစ်သော တရုတ်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုမှသည် လုံခြုံရေး၊ ကာကွယ်ရေးနှင့် မညီမျှမှုများ တိုက်ဖျက်ရေးအထိ ကိစ္စရပ်များတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်ရန် ပတ်ဒရိုဆန်းချက်ဇ်က တိုက်တွန်းခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် စပိန်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၏ ဒေါ်လာ ၅၀ ဘီလီယံနီးပါးရှိသော ကုန်သွယ်ရေးလိုငွေကို လျှော့ချရန် ပေကျင်းက သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စပိန်စိုက်ပျိုးရေးထွက်ကုန်များ တရုတ်စျေးကွက်သို့ ပိုမိုတင်ပို့ခွင့်ရရှိရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ မြှင့်တင်ရေးတို့ အပါအဝင် သဘောတူညီချက်အများအပြားကို ဝန်ကြီးချုပ်လီချောင် နှင့်လက်မှတ်ရေးထိုးသွားမည်ဟု ဆိုသည်။ စပိန်ကဲ့သို့သော အလယ်အလတ်အင်အားရှိသည့် နိုင်ငံများသည် နိုင်ငံတကာအစီအစဉ်ကို လေးစားလိုက်နာရန် တွန်းအားပေးရမည်ဟု ပတ်ဒရို ဆန်းချက်ဇ်က ပြောကြားခဲ့သည်။ ၎င်းသည် အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေး၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို ထောက်ပြဝေဖန်ခဲ့ပြီး လက်ဘနွန်၊ ဂါဇာနှင့် ယူကရိန်းနိုင်ငံတို့၏ စိုးရိမ်ဖွယ်အခြေအနေများကို ရှီကျင့်ဖျင်နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ “နိုင်ငံတကာဥပဒေ ချိုးဖောက်နေတဲ့ အစိုးရတွေကို ဆန့်ကျင်ပြီး အသံထွက်နေတဲ့ ကျွန်တော်တို့လိုလူတွေဟာ ခြိမ်းခြောက်ခံနေရပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းမှာ စပိန်နိုင်ငံအနေဖြင့် အစ္စရေးအပေါ် သံတမန်ရေးအရစစ်ခင်းနေသည့်အတွက်“ချက်ချင်းဆိုသလိုတန်ဖိုးပေးဆပ်ရလိမ့်မည်” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ သတိပေးချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ထို့အပြင် ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်သည် အီရန်စစ်ပွဲကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်ပြီး၊ အမေရိကန်နှင့် ပူးတွဲအသုံးပြုနေသည့် စပိန်အခြေစိုက်စခန်းများမှတစ်ဆင့် အီရန်အား တိုက်ခိုက်ခြင်းကိုလည်း ခွင့်မပြုဘဲ ငြင်းဆန်ထားသူဖြစ်သည်။ ကိုးကား Reuters Post navigation လက်ဘနွန်-အစ္စရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် မည်သည့်သဘောတူညီချက်ကိုမဆို လိုက်နာမည်မဟုတ်ဟု ဟစ်ဇ်ဘိုလာအရာရှိ ပြောကြား ကပ္ပလီပင်လယ်ပြင်အတွင်း စက်လှေတစ်စီးနစ်မြုပ်မှုကြောင့်လူပေါင်း၂၅၀ခန့်ပျောက်ဆုံးနေဖွယ်ရှိဟု စိုးရိမ်ရ