PSM(NEWS)

ဧပြီ ၁၅၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်မည့် လက်ဘနွန်နှင့် အစ္စရေးတို့အကြား တိုက်ရိုက်ဆွေးနွေးပွဲများမှ ထွက်ပေါ်လာနိုင်သော မည်သည့်သဘောတူညီချက်ကိုမဆို လိုက်နာသွားမည်မဟုတ်ကြောင်း လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါဆွေးနွေးပွဲများကို ဟစ်ဇ်ဘိုလာအဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

ဟစ်ဇ်ဘိုလာ နိုင်ငံရေးကောင်စီ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝါဖစ် ဆာဖာ က ဝါရှင်တန်ဒီစီတွင် လက်ဘနွန်နှင့် အစ္စရေးသံအမတ်များ တွေ့ဆုံဆွေးနွေးရန် ရှိနေသည့်အကြိုကာလတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သံတမန်ဆက်ဆံရေးမရှိသည့် လက်ဘနွန်နှင့် အစ္စရေးကိုယ်စားလှယ်များ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

“လက်ဘနွန်နဲ့ အစ္စရေးရန်သူတွေကြားက ဒီဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေအပေါ် ကျွန်တော်တို့ စိတ်မဝင်စားသလို သက်ဆိုင်မှုလည်း မရှိပါဘူး” ဟု ဝါဖစ် ဆာဖာ က ပြောကြားခဲ့သည်။

၎င်းက “သူတို့ဘာတွေပဲ သဘောတူတူ ကျွန်တော်တို့မှာ လိုက်နာရမယ့်တာဝန် မရှိဘူး” ဟု နိုင်ငံတကာမီဒီယာများနှင့် ရှားရှားပါးပါးပြုလုပ်သည့် လူတွေ့မေးမြန်းခန်းတွင် ထပ်လောင်းပြောဆိုခဲ့သည်။ ၎င်းစကားပြောနေစဉ်အတွင်း အစ္စရေးဒရုန်းတစ်စီးမှာ အပေါ်ယံ၌ ပျံသန်းဝဲနေသည်ကို တွေ့ရသည်။

လက်ဘနွန်အစိုးရ တာဝန်ရှိသူများသည် အမေရိကန်တွင်ပြုလုပ်မည့် ဆွေးနွေးပွဲများမှတစ်ဆင့် အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းနေကြသည်။

တစ်ဖက်တွင်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ၎င်းတို့၏ ရည်မှန်းချက်မှာ ဟစ်ဇ်ဘိုလာတို့အား လက်နက်ဖြုတ်သိမ်းရန်နှင့် လက်ဘနွန်-အစ္စရေးတို့အကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရန်ဖြစ်ကြောင်း ပြောကြားထားသည်။

ဘင်ဂျမင် နေတန်ယာဟု ၏ ပြောရေးဆိုခွင့်ရှိသူ ရှော့ရှ် ဘက်ဒရိုဆီယန်ကမူ ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်သွားမည်မဟုတ်ကြောင်း တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ပြီးခဲ့သည့်အပတ်က ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ အီရန်နိုင်ငံက လက်ဘနွန်ကိုလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ထည့်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း အစ္စရေးနှင့် အမေရိကန်တို့ကမူ လက်ဘနွန်သည် ယင်းဆွေးနွေးပွဲတွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်မည်မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တီဟီရန်နှင့် ဝါရှင်တန်တို့အကြား အပစ်ရပ်စဲရေး ကြေညာပြီး နာရီပိုင်းအကြာတွင် အစ္စရေးသည် ဘေရွတ်မြို့လယ်ရှိ လူနေထူထပ်သော ဒေသများနှင့် စီးပွားရေးလုပ်ငန်းများရှိရာ နေရာများအပါအဝင် လက်ဘနွန်နိုင်ငံတစ်ဝန်းသို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *