PSM(NEWS)

ဧပြီ ၁၅၊ ၂၀၂၆

အီရန်ပဋိပက္ခကြောင့် လေယာဉ်ဆီထောက်ပံ့မှု အခက်အခဲများနှင့် ကုန်ကျစရိတ် မြင့်မားမှုဒဏ်ကို ကမ္ဘာ့လေကြောင်းလိုင်းများ ပြင်းထန်စွာ ခံစားနေရသဖြင့် လေကြောင်းကဏ္ဍ၏ အဆိုးရွားဆုံး အကျပ်အတည်းမှာ ယနေ့တွင် ပိုမိုနက်ရှိုင်းလာခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ လေယာဉ်ဆီဈေးနှုန်းမှာ နှစ်ဆကျော်အထိ မြင့်တက်သွားခဲ့ပြီး လေကြောင်းလိုင်းများအနေဖြင့် လက်မှတ်ခများ တိုးမြှင့်ခြင်း၊ ခရီးစဉ်များ လျှော့ချခြင်းနှင့် ဝန်ထမ်းများအား လစာမဲ့ခွင့်ပေးခြင်းတို့ကို စတင်လုပ်ဆောင်နေကြရပြီ ဖြစ်သည်။

ဩစတြေးလျအခြေစိုက် Qantas Airways လေကြောင်းလိုင်းသည် လောင်စာဆီဈေးနှုန်း မတည်ငြိမ်မှုကြောင့် ၎င်းတို့၏ ရှယ်ယာပြန်လည်ဝယ်ယူမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပြီး၊ ဂျာမနီနိုင်ငံမှ Lufthansa လေကြောင်းလိုင်းကလည်း အာရှလေဆိပ်အချို့တွင် လေယာဉ်ဆီပြတ်လပ်မှုမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် လောင်စာဆီစားများသော လေယာဉ်ဟောင်း အစင်းရေ ၄၀ ခန့်အထိ မြေပြင်တွင် ရပ်နားထားရန် စီစဉ်နေကြောင်း သတိပေးခဲ့သည်။ ထို့အပြင် တောင်ကိုရီးယားနိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်သော T’way Air သည်လည်း လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချရန်အတွက် လာမည့် မေလနှင့် ဇွန်လတို့တွင် လေယာဉ်ဝန်ထမ်းအချို့အား လစာမဲ့ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲထားသော်လည်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား မှာ ပိတ်ထားဆဲဖြစ်သဖြင့် လောင်စာဆီထောက်ပံ့မှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေသေးသည်။ ဥရောပလေကြောင်းလိုင်းများကမူ ဤအကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် လေယာဉ်ဆီအား ဥရောပသမဂ္ဂ (EU) အဆင့် စုပေါင်းဝယ်ယူပေးရန်နှင့် လေကြောင်းကဏ္ဍအပေါ် ကောက်ခံနေသည့် ကာဗွန်အခွန်များအား ခေတ္တဆိုင်းငံ့ပေးရန် ဥရောပကော်မရှင်သို့ အရေးပေါ် တောင်းဆိုထားကြသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များကောင်စီ (ACI Europe) ၏ ခန့်မှန်းချက်အရ အရေးပေါ်ဖြေရှင်းမှုများ မပြုလုပ်နိုင်ပါက လာမည့် ၃ ပတ်အတွင်း ဥရောပတစ်လွှား၌ စနစ်တကျ လေယာဉ်ဆီပြတ်လပ်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *