PSM (NEWS)

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုက်ဆန်က လက်ရှိ အမေရိကန်လက်ဝှေ့လောက အခြေအနေမှာ ကျဆင်းလျက်ရှိကြောင်း သတိပေးပြောကြားခဲ့ပြီး လက်ဝှေ့အားကစားကို ပြန်လည်လှုံ့ဆော်မြှင့်တင်နိုင်ရန် “မိုက်တိုက်ဆန် ဖိတ်ခေါ်ဖလား” (Mike Tyson Invitational) အမည်ရှိ အပျော်တမ်းလက်ဝှေ့ပြိုင်ပွဲသစ်ကို လာမည့် မတ်လတွင် စတင်ကျင်းပသွားမည် ဖြစ်သည်။

အသက် ၅၉ နှစ်အရွယ်ရှိ တိုက်ဆန်သည် ၎င်းအခြေချနေထိုင်ရာ လက်ဗေးဂတ်စ်မြို့တွင် မတ်လ ၁၂ ရက်မှ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်းမှ ထိပ်တန်းအပျော်တမ်း လက်ဝှေ့သမားများကို ဖိတ်ခေါ်၍ ယှဉ်ပြိုင်စေမည် ဖြစ်သည်။

တိုက်ဆန်က လက်ရှိ အမေရိကန်လက်ဝှေ့လောကအခြေအနေကို စိုးရိမ်တကြီး ထောက်ပြရာတွင်

“နားထောင်ပါ၊ လက်ဝှေ့လောကဟာ သေဆုံးနေပါပြီ။ ဒါကပဲ ကျွန်တော့်ကို ဒီအလုပ်တွေ လုပ်ဖို့ တွန်းအားပေးနေတာပါ။ လက်ဝှေ့လောတိုးတက်လာဖို့ ကျွန်တော် တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရမယ်ဆိုရင် ကျွန်တော် ပျော်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

၎င်း၏ ငယ်ဘဝ ၁၉၈၀ ပြည့်လွန်နှစ်များတွင် နယူးယောက်မြို့၌ လက်ဝှေ့လေ့ကျင့်စဉ်က ကလပ်အသင်းများနှင့် အခြေခံအဆင့် ပြိုင်ပွဲများ များပြားခဲ့သော်လည်း ယနေ့ခေတ်တွင် ထိုကဲ့သို့ ပြိုင်ပွဲများ နည်းပါးလာကြောင်းလည်း တိုက်ဆန်က ထောက်ပြခဲ့သည်။

အထူးသဖြင့် ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲတွင် လက်ဝှေ့အားကစား ပါဝင်ခွင့်ရရေး မရေမရာဖြစ်နေသည့် အခြေအနေကိုလည်း ၎င်းက စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

တိုက်ဆန်သည် UFC (Mixed Martial Arts) ၏ အောင်မြင်မှုကို နမူနာယူကာ လက်ဝှေ့လောကလည်း ပရိသတ်များကို ဖျော်ဖြေမှုအပြည့်အဝ ပေးနိုင်သည့် စနစ်တကျ စီမံခန့်ခွဲမှုတစ်ခု လိုအပ်ကြောင်း ဆိုသည်။ UFC တွင် အဖွဲ့အစည်းတစ်ခုတည်းက စနစ်တကျ စီမံခန့်ခွဲသော်လည်း လက်ဝှေ့လောကတွင် ပရိုမိုးရှင်းအဖွဲ့အစည်းများ များပြားကွဲပြားနေခြင်းကြောင့် အားနည်းချက်များ ရှိနေသည်ဟု ၎င်းက သုံးသပ်ထားသည်။

“ကျွန်တော့်အလုပ်က ပရိသတ်တွေကို ပျော်ရွှင်စေဖို့ပါပဲ။ လက်ဝှေ့ဆိုတာ ပရိသတ်တွေ လာကြည့်ချင်အောင် ဆွဲဆောင်နိုင်ရပါမယ်” ဟု တိုက်ဆန်က ထပ်လောင်း ပြောကြားခဲ့သည်။

တိုက်ဆန်၏ ၅၀-၇ (အနိုင် ၅၀ ပွဲ၊ ရှုံး ၇ ပွဲ၊ အနိုင်ပွဲ ၅၀ အနက် ၄၄ ကြိမ်ကို အလဲထိုးနိုင်ခဲ့) ဟူသော မှတ်တမ်းသည် လက်ဝှေ့သမိုင်းတွင် ဂန္ထဝင်အဖြစ် မှတ်တမ်းတင်ထားသည်။

ယခုကျင်းပမည့် “မိုက်တိုက်ဆန် ဖိတ်ခေါ်ဖလား” သည် လက်ဝှေ့လောကကို တစ်ချက်တည်း ပြန်လည်ဖွင့်လှစ်ပေးနိုင်မည့် အားဆေးတစ်ခွက် မဟုတ်နိုင်သော်လည်း ပျောက်ဆုံးနေသည့် လက်ဝှေ့အားကစား၏ အရှိန်အဝါကို ပြန်လည်ထူထောင်နိုင်မည့် အစပျိုးတစ်ရပ် ဖြစ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ထင်မြင်ယူဆထားသည်။

ကိုးကား – AP

#မိုက်တိုက်ဆန်

#လက်ဝှေ့လောက

#အမေရိကန်အားကစား

#MikeTysonInvitational

#အားကစားသတင်း

By Htet Ko