PSM (NEWS)

မေ ၁၄၊၂၀၂၆

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသော အထက်လွှတ်တော်အမတ်တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးရန် ကြိုးပမ်းနေစဉ် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဖိလစ်ပိုင်အထက်လွှတ်တော်အတွင်း သေနတ်သံများ ထွက်ပေါ်လာကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိကိုမူ ချက်ချင်းအတည်မပြုနိုင်သေးပေ။ အထက်လွှတ်တော်အမတ် ရော်နယ် ဒီလာရိုဆာ သည် ၎င်းအား ဖမ်းဆီးပြီး ICC သို့ လွှဲပြောင်းပေးအပ်မည့် အစီအစဉ်ကို တားဆီးရန်အတွက် မဟာမိတ်အမတ်များ၏ အကာအကွယ်ဖြင့် လွှတ်တော်အတွင်း ခိုလှုံနေခြင်းဖြစ်သည်။

အထက်လွှတ်တော်ဥက္ကဋ္ဌ အလန် ကာယီတာနိုက သေနတ်သံများ ထွက်ပေါ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး “စိတ်လှုပ်ရှားမှုတွေ အလွန်မြင့်တက်နေပါတယ်။ ဖိလစ်ပိုင်အထက်လွှတ်တော်ဟာ တိုက်ခိုက်ခံနေရတယ်လို့ ယူဆရပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒီလာရိုဆာသည် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးလက်ထက်တွင် ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လူသောင်းနှင့်ချီ သေဆုံးခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းမှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လူ ၃၂ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ICC က ၎င်းကို ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

သမ္မတဟောင်း ဒူတာတေး ကိုလည်း ပြီးခဲ့သည့်နှစ် မတ်လက ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICC အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

ဒီလာရိုဆာက ၎င်းအနေဖြင့် ဖိလစ်ပိုင်တရားရုံးများတွင်သာ အစစ်ဆေးခံမည်ဖြစ်ပြီး နိုင်ငံခြားတရားရုံးသို့ အဖမ်းမခံနိုင်ကြောင်း ပြောကြားထားကာ ၎င်း၏ ထောက်ခံသူများကိုလည်း လွှတ်တော်ရှေ့တွင် လာရောက်စုရုံးကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင် လွှတ်တော်အဆောက်အအုံအပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ ချထားပြီး အခြေအနေမှာ အလွန်တင်းမာလျက်ရှိသည်။ လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် ဒုသမ္မတ ဆာရာ ဒူတာတေးတို့အကြား နိုင်ငံရေးပဋိပက္ခများ ပြင်းထန်နေချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ကိုးကား-AP

By Htet Ko

You missed