PSM (NEWS) မေ၁၄၊၂၀၂၆ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာမှုကို ရင်ဆိုင်ရန် ပြည်သူများအား အသုံးစရိတ်လျှော့ချကြရန် တိုက်တွန်းခဲ့ပြီးနောက်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည်လောင်စာဆီချွေတာရန်အတွက် ၎င်း၏ ခြံရံယာဉ်တန်း အရေအတွက်ကို “သိသိသာသာ” လျှော့ချလိုက်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ မြင့်တက်လာမှုကြောင့် နိုင်ငံခြားသုံးငွေအရန်ငွေအပေါ် ဖိအားများဖြစ်ပေါ်နေသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ပြည်ပခရီးသွားခြင်းကို ရှောင်ကြဉ်ရန်၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုရန်နှင့် စားအုန်းဆီအသုံးပြုမှုများကို လျှော့ချရန် ဝန်ကြီးချုပ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်တွန်းချက်ထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာများပေါ်တွင် နိုင်ငံရေးသမားများ၏ ကြီးမားလှသော ယာဉ်တန်းများ၊ ဝန်ကြီးချုပ်၏ ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် ၎င်း၏ ဥရောပခရီးစဉ်များအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ်၏ လုံခြုံရေးဆိုင်ရာ အထူးကာကွယ်ရေးအဖွဲ့ ၏ စံနှုန်းများကို မထိခိုက်စေဘဲ ခြံရံယာဉ်အရေအတွက်ကို လျှော့ချခဲ့သည်။ ယခုအပတ်အတွင်း ပြုလုပ်ခဲ့သော ဂူဂျာရတ် နှင့် အာသံပြည်နယ်ခရီးစဉ်များတွင် ယာဉ်တန်းကို စတင်လျှော့ချခဲ့သည်။ အသုံးစရိတ်သက်သာစေရန် ယာဉ်သစ်များ ထပ်မံဝယ်ယူခြင်းမပြုဘဲ ရှိရင်းစွဲယာဉ်တန်းတွင် လျှပ်စစ်ကား (EV) များ ထည့်သွင်းအသုံးပြုရန် ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယမြောက် ရေနံအများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး လက်ရှိ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် မီးဖိုသုံးဂတ်စ် ရရှိမှုတွင် အဓိကအားထားနေရသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေမှုနှင့် ရင်ဆိုင်နေရသည်။ စွမ်းအင်စျေးနှုန်း မြင့်တက်မှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပြီး ငွေဖောင်းပွမှုကိုလည်း မြင့်တက်စေနိုင်သဖြင့် အိန္ဒိယအစိုးရအနေဖြင့် စက်သုံးဆီစျေးနှုန်းများ မြှင့်တင်ရန် အခြေအနေမှာ နီးကပ်နေပြီဖြစ်ကြောင်း သုံးသပ်ရသည်။ ကိုးကား-Reuters Post navigation ဖလော်ရီဒါရှိ အငြင်းပွားဖွယ်ရာ “Alligator Alcatraz” ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေးစခန်းကို ပိတ်သိမ်းရန် စီစဉ်နေ ဖိလစ်ပိုင်လွှတ်တော်အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ အိုင်စီစီ (ICC) က ဖမ်းဝရမ်းထုတ်ထားသည့် အမတ်ကို ဖမ်းဆီးရန် ကြိုးပမ်းမှုကြောင့် အခြေအနေတင်းမာနေ