PSM(NEWS)

ဧပြီ ၁၄၊ ၂၀၂၆

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်သည် အရေးပါသော ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်ခြမ်းရှိ အိုမန်ပင်လယ်ကွေ့နှင့်အာရေဗျပင်လယ်အတွင်း ရေယာဉ်များ ဖြတ်သန်းသွားလာမှုကို တနင်္လာနေ့ (ဝါရှင်တန်စံတော်ချိန်) နံနက်ပိုင်းမှစတင်၍ ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ရေကြောင်းသွားလာသူများထံ အကြောင်းကြားစာပေးပို့ကာ ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စလာမ်မာဘတ်မြို့တွင် ပြုလုပ်ခဲ့သော အမေရိကန်နှင့် အီရန်တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် သဘောတူညီမှုမရရှိဘဲ ပျက်ပြားသွားပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်က ယင်းပိတ်ဆို့မှု အစီအစဉ်ကို တနင်္ဂနွေနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါပိတ်ဆို့မှုသည် တနင်္လာနေ့ နံနက် ၁၀ နာရီတွင်စတင်သက်ရောက်မည်ဖြစ်သည်။

“ခွင့်ပြုချက်မရှိဘဲ ပိတ်ဆို့ထားတဲ့ နယ်မြေအတွင်းကို ဝင်ရောက်တာ ဒါမှမဟုတ် ထွက်ခွာတာမျိုးလုပ်တဲ့ ဘယ်ရေယာဉ်မဆို ကြားဖြတ်ဟန့်တားတာ၊ လမ်းကြောင်းပြောင်းလဲစေတာနဲ့ သိမ်းဆည်းတာတွေကို ခံရမှာဖြစ်ပါတယ်” ဟု အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

သို့သော် ယခုပိတ်ဆို့မှုသည် အီရန်နိုင်ငံမဟုတ်သော အခြားပန်းတိုင်များသို့ ဦးတည်သွားလာနေသည့် ကြားနေရေယာဉ်များ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမှုကိုမူ အဟန့်အတားဖြစ်စေမည် မဟုတ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ယခုကဲ့သို့ ဟော်မုဇ်ရေလက်ကြားအနီးတွင် ပိတ်ဆို့မှုပြုလုပ်ခြင်းသည် အီရန်နိုင်ငံ၏ အဓိက ဝင်ငွေရရှိရာ လမ်းကြောင်းဖြစ်သော ရေနံတင်ပို့မှုကို ကန့်သတ်ရန်နှင့် အီရန်အစိုးရအပေါ် ဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

အီရန်နိုင်ငံသည် အမေရိကန်ထံမှ လိုက်လျောမှုများ ရရှိရန်အတွက် အဆိုပါရေလက်ကြားကို မဟာဗျူဟာမြောက် အသုံးချလေ့ရှိသည်။

ကိုးကား Yonhap News

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *