PSM(NEWS) ဧပြီ ၁၄၊ ၂၀၂၆ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျက်ဖရီ အက်ပ်စတိန်းတို့၏ ဆက်နွှယ်မှုနှင့် ပတ်သက်၍ ရေးသားဖော်ပြခဲ့သော Wall Street Journa(WSJ) နှင့် ရူးပတ် မာဒေါ့ခ် တို့အပေါ် သမ္မတ ထရမ့်က တရားစွဲဆိုထားသည့် ဒေါ်လာ ၁၀ ဘီလီယံတန် အသရေဖျက်မှုအမှုကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက တနင်္လာနေ့တွင် ပယ်ချလိုက်သည်။ ဖလော်ရီဒါပြည်နယ်ရှိ အမေရိကန် ခရိုင်တရားသူကြီး ဒါရင် ပီ ဂေးလ်စ်က အဆိုပါ ဆောင်းပါးကို မသမာသော ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သည်ဟူသော အချက်ကို သမ္မတ ထရမ့်ဘက်က ခိုင်လုံစွာ တင်ပြနိုင်ခြင်း မရှိကြောင်း အမိန့်စာတွင် ရေးသားခဲ့သည်။ သို့သော် သမ္မတအနေဖြင့် တရားစွဲဆိုမှုကို ပြင်ဆင်ချက်ဖြင့် ပြန်လည်တင်ပြနိုင်ရန် အခွင့်အရေး ပေးထားသည်။ WSJက ဂျက်ဖရီ အက်ပ်စတိန်း၏ နှစ် ၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၀၃ ခုနှစ်တွင် ပြုစုခဲ့သော အယ်လ်ဘမ်တစ်ခု၌ သမ္မတ ထရမ့်၏ လက်မှတ်ပါဝင်ပြီး လိင်ပိုင်းဆိုင်ရာ ရည်ညွှန်းချက်များပါသည့် ပေးစာတစ်စောင်အကြောင်းကို ဖော်ပြခဲ့ပြီးနောက် သမ္မတ ထရမ့်ကယမန်နှစ်ဇူလိုင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေးစာကို အက်ပ်စတိန်း၏ အမွေအနှစ်ပစ္စည်းများထဲမှ လွှတ်တော်က ဆင့်ခေါ်တောင်းခံခဲ့ပြီးနောက် လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခု စီရင်ချက်သည် အက်ပ်စတိန်း ဖိုင်တွဲများ ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ထရမ့်အစိုးရအဖွဲ့အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ၎င်းအပေါ် ဝေဖန်ရေးသားသည့် သတင်းများကို ဟန့်တားရန် ဥပဒေကြောင်းအရ ကြိုးပမ်းမှုများလည်း တစ်ခန်းရပ်သွားခဲ့ရသည်။ယင်းစီရင်ချက်နှင့် ပတ်သက်၍ သမ္မတ အိမ်ဖြူတော်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။ ကိုးကား AP Post navigation အမေရိကန်က အိုမန်ပင်လယ်ကွေ့နှင့် အာရေဗျပင်လယ်အတွင်း သင်္ဘောများဖြတ်သန်းမှုကို စတင်ပိတ်ဆို့ သမ္မတ ထရမ့်၏ ဝေဖန်မှုများအပေါ် တစ်စုံတစ်ရာ တုံ့ပြန်မည်မဟုတ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုမိန့်ကြား