PSM(NEWS)

ဧပြီ ၁၄၊ ၂၀၂၆

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် သည် အာဖရိကတိုက်ရှိ ထိုင်ဝမ်၏ နောက်ဆုံးသံတမန် မဟာမိတ်ဖြစ်သော အစ်ဆွာတီးနီ နိုင်ငံသို့ လာမည့်အပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံက ၎င်း၏ နယ်မြေအဖြစ် အခိုင်အမာ ပြောဆိုထားပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးထူထောင်ခွင့်မရှိဟု ဆိုထားသည့် ထိုင်ဝမ်သည် ယခုအခါတွင် ဘလိဇ်နှင့် တူဗားလူ ကဲ့သို့သော လက်တင်အမေရိက၊ ကာရေဘီယံနှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံငယ်လေး ၁၂ နိုင်ငံနှင့်သာ တရားဝင် သံတမန်အဆက်အသွယ်ရှိတော့သည်။

သမ္မတ လိုင်ချင်းတယ် သည် ဘုရင် မဆွာတီ ၏ နန်းတက် ၄၀ ပြည့်မြောက်ခြင်းနှင့် ၅၈ နှစ်ပြည့် မွေးနေ့အခမ်းအနားများသို့ တက်ရောက်ရန် ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ အစ်ဆွာတီးနီနိုင်ငံသို့ ရောက်ရှိနေမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကာရင်ကော် က သတင်းထောက်များကို ပြောကြားခဲ့သည်။

သမ္မတ လိုင်သည် တောင်အာဖရိကနိုင်ငံက ပတ်ပတ်လည် ဝန်းရံထားသော အစ်ဆွာတီးနီနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသွားမည် ဖြစ်သည်။

ဤခရီးစဉ်သည် လက်တင်အမေရိကခရီးစဉ်များကဲ့သို့ အမေရိကန်ပြည်ထောင်စု ကို ကြားဖြတ်ဖြတ်သန်းရန် မလိုအပ်သဖြင့် တရုတ်နိုင်ငံကို အမျက်ဒေါသထွက်စေမည့် အခြေအနေကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။ ထိုပြင် သမ္မတလိုင်အတွက်၂၀၂၄ခုနှစ် နိုဝင်ဘာလအတွင်းက မာရှယ်ကျွန်းစု၊ တူဗားလူ နှင့် ပလောင်း နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဟာဝိုင်ယီနှင့် ဂူအမ် တို့ကို ဖြတ်သန်းခဲ့သည့် ခရီးစဉ်နောက်ပိုင်း ပထမဆုံးသော ပြည်ပခရီးစဉ် ဖြစ်သည်။

ယခင်ကဆွာဇီလန်ဟုလူသိများပြီး လူဦးရေ ၁.၃ သန်းခန့်ရှိသော အစ်ဆွာတီးနီနိုင်ငံသို့နောက်ဆုံးအကြိမ်ထိုင်ဝမ်သမ္မတသွားရောက်ခဲ့သည်မှာ ၂၀၂၃ ခုနှစ်ကဖြစ်ပြီး သမ္မတဟောင်း ဆန်အင်းဝမ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်သည်သက်ဦးဆံပိုင်ဘုရင်စနစ်ကျင့်သုံးသည့် ထိုအာဖရိကတောင်ပိုင်း နိုင်ငံငယ်လေးသို့ ကူညီထောက်ပံ့မှုများစွာ ပေးအပ်ထားသည်။ ၂၀၂၁ ခုနှစ်ကလည်း ဘုရင် မဆွာတီ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာစေရန် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆေးဝါးများကို ပေးပို့ကူညီခဲ့ဖူးသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *