PSM (NEWS)

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆

မြောက်အန္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အတွင်း အမေရိကန်ပြည်ထောင်စုအပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချနိုင်ရေးအတွက် ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပနှင့် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ပြောကြားမည်ဖြစ်သည်။

၎င်းသည် ဥရောပ၏ ကာကွယ်ရေးစက်မှုကဏ္ဍကို ယခုထက် ပိုမိုပေါင်းစည်းကာ အားကောင်းလာစေရန်လည်း တိုက်တွန်းသွားမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်ကျွန်းအား ဝယ်ယူလိုကြောင်း ပြောဆိုခဲ့ခြင်းကြောင့် NATO အဖွဲ့ဝင်နိုင်ငံများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ဥရောပနိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်သုံးစွဲရန်လည်း ထရန့်က အစဉ်တစိုက် တောင်းဆိုခဲ့သည်။

မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားမည့် မိန့်ခွန်းအရ ဝန်ကြီးချုပ် ကီယာ စတာမာက အမေရိကန်သည် ဥရောပ၏ လုံခြုံရေးအတွက် အရေးပါသော မဟာမိတ်ဖြစ်ကြောင်း လက်ခံပြောကြားသော်လည်း၊ ဥရောပဘက်မှ ပိုမိုအားကောင်းသည့် NATO တစ်ခုကို တည်ဆောက်နိုင်ပါက ဝါရှင်တန်အပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချနိုင်မည်ဟု ထည့်သွင်းပြောကြားသွားမည် ဖြစ်သည်။

“ကျွန်တော် ပြောနေသည်မှာ အမေရိကန်ဘက်မှ နုတ်ထွက်သွားရန် မဟုတ်ပါ။ ဥရောပ၏ လုံခြုံရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို မြှင့်တင်ကာ တာဝန်ခွဲဝေမှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့အတွက် အကျိုးပြုခဲ့သည့် မဟာမိတ်ဆက်ဆံရေးများကို ပိုမိုခိုင်မာစေရန် ဖြစ်ပါသည်” ဟု ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ထားသည့် မိန့်ခွန်းကောက်နုတ်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ၂၀၂၄ ခုနှစ်တွင် အာဏာရလာပြီးနောက် ဘရက်စစ် (Brexit) အပြီး ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသူ ဖြစ်သည်။ ၎င်းက “ကျွန်တော်တို့သည် ဘရက်စစ်ကာလက ဗြိတိန် မဟုတ်တော့ပါ။ ဥရောပမပါဘဲ ဗြိတိန်၏ လုံခြုံရေး မရှိနိုင်သကဲ့သို့၊ ဗြိတိန်မပါဘဲလည်း ဥရောပ၏ လုံခြုံရေး မရှိနိုင်ပါ” ဟု အလေးပေး ပြောကြားသွားမည် ဖြစ်သည်။

ကိုးကား – Reuters

#PSM_News

#NATO

#ဥရောပလုံခြုံရေး

#ဗြိတိန်နိုင်ငံရေး

#ကာကွယ်ရေးမဟာဗျူဟာ

#မြောက်အန္တလန်တိတ်စာချုပ်အဖွဲ့

By Htet Ko