PSM(NEWS) ဖေဖော်ဝါရီလ ၁၄ ၊၂၀၂၆ အကယ်၍ သမ္မတ ဒေါ်နယ် ထရမ့်က တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပါက အီရန်နိုင်ငံအပေါ် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ရေရှည်စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် အမေရိကန်စစ်တပ်က ပြင်ဆင်လျက်ရှိကြောင်း အမေရိကန်အရာရှိနှစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။ အဆိုပါအခြေအနေသည် နှစ်နိုင်ငံအကြား ယခင်ကဖြစ်ပွားခဲ့ဖူးသော ပဋိပက္ခများထက် ပိုမိုပြင်းထန်လာနိုင်ဖွယ် ရှိနေသည်။ စစ်ရေးစီမံချက်များ၏ ထိလွယ်ရှလွယ်သော သဘောသဘာဝကြောင့် အမည်မဖော်လိုသည့် အဆိုပါအရာရှိများ၏ ထုတ်ဖော်ချက်အရ ယခုပြင်ဆင်မှုများသည် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား လက်ရှိလုပ်ဆောင်နေသော သံတမန်ရေးရာ ကြိုးပမ်းမှုများအတွက် စိုးရိမ်ရသည့် အခြေအနေတစ်ရပ် ဖြစ်လာစေသည်။ အမေရိကန်စစ်ဌာနချုပ်(ပင်တဂွန်)သည် အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ် လေယာဉ်တင်သင်္ဘောတစ်စင်း ထပ်မံစေလွှတ်လိုက်ပြီး စစ်သည်အင်အား ထောင်နှင့်ချီအပြင် တိုက်လေယာဉ်များ၊ လမ်းညွှန်ဒုံးကျည်တပ် ဖျက်သင်္ဘောများနှင့် အခြားသော စစ်လက်နက်ပစ္စည်းများကို ဖြည့်တင်းလျက်ရှိသည်။ ရေရှည်စစ်ဆင်ရေးအတွင်း အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများသာမက နိုင်ငံတော်အဆင့် အဆောက်အအုံများနှင့် လုံခြုံရေးဆိုင်ရာ ဌာနများကိုပါ တိုက်ခိုက်ဖွယ်ရှိကြောင်း အရာရှိတစ်ဦးက ဆိုသည်။ အမေရိကန်၏ တိုက်ခိုက်မှုအပေါ် အီရန်ဘက်မှလည်း အပြန်အလှန် လက်တုံ့ပြန်လာနိုင်ကြောင်း အမေရိကန်ဘက်က အပြည့်အဝ တွက်ဆထားသည်။ သမ္မတ ဒေါ်နယ် ထရမ့် က အီရန်နှင့် သံတမန်ရေးရာ ဆွေးနွေးမှုများ မအောင်မြင်ပါက အီရန်အတွက် “ဆိုးရွားသော နေ့တစ်နေ့” ဖြစ်လာလိမ့်မည်ဟု သတိပေးထားသော်လည်း တစ်ဖက်တွင်မူ ဆွေးနွေးမှုများ အောင်မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သောကြာနေ့ကသတင်းထောက်များကို ပြောကြားခဲ့သည်။ ကိုးကား Reuters #အီရန် #စစ်ဆင်ရေး_ဆင်နွှဲ #အမေရိကန်စစ်တပ်_ပြင်ဆင် #နျူကလီးယား #ပဋိပက္ခ_ပိုမိုပြင်းထန် #PSM_News Post navigation ကင်မ်ဂျုံအမ်၏ သမီးအား မြောက်ကိုရီးယား အာဏာဆက်ခံသူအဖြစ် သတ်မှတ်နိုင်ကြောင်း သုံးသပ် မြောက်အန္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အတွင်း အမေရိကန်အပေါ် မှီခိုမှု လျှော့ချရန်နှင့် ဥရောပကာကွယ်ရေး ပိုမိုပေါင်းစည်းရန် ကီယာ စတာမာ တိုက်တွန်း