PSM (News)

စက်တင်ဘာ ၁၃၊ ၂၀၂၆

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ စက်တင်ဘာလ ၁၉ ရက်နေ့အတွင်း စတင်ဆုတ်ခွာတော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်ထားပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည်လည်း အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

သို့သော် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် Invest 98W ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းသို့ အရှေ့လေစီးကြောင်းများ စီးဝင်လျက်ရှိရာ စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နိုင်ငံတဝန်း မိုးရွာသွန်းမှု ခေတ္တ သိသိသာသာ လျော့နည်းနေမည်ဖြစ်သော်လည်း စက်တင်ဘာလ ၁၅ ရက်မှ ၁၆ ရက်အတွင်း မုတ်သုံလေ ပြန်လည်အားကောင်းလာကာ တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် မိုးပြန်လည် အရှိန်ရလာပြီး မိုးကြီးနိုင်သည်။

အထူးသဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အတွင်း မုတ်သုံလေ အလွန်အားကောင်းလာနိုင်သဖြင့် နေရာကွက်ကျား မိုးကြီးခြင်းမှ မိုးအလွန်ကြီးနိုင်ကာ တောင်ကျချောင်းရေလျှံခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က သုံးသပ်ထားသည်။

ထို့ပြင် တနင်္သာရီ၊ ကရင်၊ မွန်၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နှင့် မန္တလေးတိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနိုင်ပြီး မိုးတိမ်တောင် ရွေ့လျားရာတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

မြစ်ရေအခြေအနေများအနေဖြင့် မအူပင်မြို့တွင် တိုးမြစ်ရေသည် ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်နိုင်သလို စစ်တောင်းမြစ်ရေသည်လည်း တောင်ငူမြို့တွင် နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက သတိပေးထုတ်ပြန်ထားသည်။

မြန်မာ့ပင်လယ်ပြင်တွင်လည်း ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်၌ တစ်နာရီလျှင် မိုင် ၂၅ မိုင်မှ မိုင် ၃၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်သဖြင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားလာသူများအနေဖြင့် ရုတ်တရက် လှိုင်းကြီးလေထန် အန္တရာယ်ကို သတိပြု သွားလာကြရန် အသိပေးထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *