PSM (News) စက်တင်ဘာ ၁၃၊ ၂၀၂၆ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ ဖို့မြေလမ်းရှိ ရေမြောင်းအတွင်းသို့ ဘောလုံး ဆင်းကောက်သည့် လူငယ်တစ်ဦး ရေစီးမျောပါသွားခဲ့ပြီးနောက် သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖို့မြေလမ်း၊ရေမြောင်းအတွင်းတွင် ယမန်နေ့ စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီ ၁၄ မိနစ်ခန့်တွင် အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ဘောလုံးဆင်းကောက်ရာမှ ပြန်တက်မလာကြောင်း သတင်း ရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရှာဖွေမှုများကြောင့် ည ၇ နာရီ ၄၈ မိနစ်ခန့်တွင် ရေစီးမျောပါသွားသည့် လူငယ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ “ဒီရက်ပိုင်း မိုးဆက်နေတာကြောင့် နေရာမနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာမို့ မိုးကြီးချိန် ထွက်မဆော့ကြဖို့ သတိပေးလိုပါတယ်” ဟု တာမွေဒေသခံ အမျိုးသားတစ်ဦးက PSM News သို့ ပြောသည်။ အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် ညနေပိုင်းကလည်း တာမွေမြို့နယ်၊ ၁၅၅ လမ်းထိပ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံနေစဉ် အသက် (၁၄) နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး ဖိနပ်လိုက်ကောက်ရာမှ ရေစီးနှင့်အတူ မျောပါသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။ လက်ရှိတွင် ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးဆက်လက်သည်းထန်ပြီး ရေကြီးရေလျှံမှု များ ဖြစ်ပေါ်နေသည့်အတွက် မြောင်းဖုံးမရှိသည့် ရေမြောင်းများအနီးနှင့် ရေစီးသန်သည့် နေရာများတွင် သွားလာလှုပ်ရှားရာ၌ အထူးသတိပြုကြရန်လည်း အသိပေးထားသည်။ ဓာတ်ပုံ – အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း #မင်္ဂလာတောင်ညွန့် Post navigation မကွေးတွင် ပြည်သူကို မီးရှို့သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သူ ပျူစောထီးတစ်ဦးကို နတ်မောက် ပကဖ ဖမ်းဆီးရမိ မြန်မာနိုင်ငံ အထက်ပိုင်း မုတ်သုံလေ စတင်ဆုတ်ခွာမည်၊ စက်တင်ဘာ ၁၅ ရက်မှစ၍ တောင်ပိုင်းတွင် မိုးပြန်အားကောင်းနိုင်သဖြင့် ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန်လို